spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အဝေးသင်ကျောင်းသားတွေကို အစာအဆိပ်သင့်စေတဲ့ကိစ္စ အရေးမယူနိုင်သေး 

Author

Date

Category

လင်းသန့်

လွိုင်ကော်အဝေးသင်ကျောင်းသားများ အစားအဆိပ်သင့်စေခဲ့ပြီး ကြက်ဆီထမင်းကို ချက်ပြုတ်ခဲ့တဲ့ စားသောက်ဆိုင်ကို အရေးယူနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ကြက်ဆီထမင်းကို ချက်ပြုတ်ပေးခဲ့တဲ့ Blue Berry စားသောက်ဆိုင်ကို တာဝန်ရှိသူတွေက ဆက်သွယ်ခဲ့ပေမယ့် တစုံတရာဖြေရှင်းမှုမျိုးတွေနဲ့ တုန့်ပြန်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

တာဝန်ရှိသူများရဲ့ စိစစ်တွေ့ရှိချက်အရ ကြက်ဆီထမင်းမှာ အသုံးပြုထားတဲ့ ကြက်သားတွေက လတ်ဆက်မှုမရှိရာကနေ အစာအဆိပ်သင့်မှု ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းဖြစ်နေတယ်လို့ ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခမ်းလျှံစွမ်းက ကန္တာရဝတီတိုင်း(မ်)ကို နိုဝင်ဘာ ရ ရက်နေ့က ပြောပါတယ်။

“အစာအဆိပ်သင့်တဲ့ ကိစ္စလည်း ကျနော်ကိုယ်တိုင် လိုက်တာပေါ့နော် အဲဆိုင်ကို လိုက်တယ် ဆက်သွယ်လို့ မရဘူး နောက်ဆုံးတော့ ကျနော် ဖုန်းနဲ့ ပြောခွင့်ရပါတယ်။ သူတို့တွေကတော့ ထုံးစံတိုင်းပေါ့နော် သူတို ့ငြင်းတာ သူတို့ချက်တာ မဟုတ်ဘူးတို့ ဘာတို့တော့ ဖြစ်လာတော့ပေါ့။ ဒါပေမယ့် တိ-မွေး-ကု တို့ ကျနော်တို့ မေးမြန်းချက်အရပေါ့ ဒီ အသား(ကြက်သား)ကနေ ဖြစ်တာပေါ့နေ်ာ သူတို့ ပြောပြချက်အရတော့ ရတဲ့နေရာတွေမှာပဲ ယူလိုက်တယ် ပြီးတော့ ကောင်းတာတွေကော မကောင်းတာတွေကော ရောသွားတယ် အဲဒီ အသား မသန့်တဲ့ အခြေအနေကနေ စတာပါ အန္တရာယ်များပါတယ်။”လို့ ဦးခမ်းလျှံစွမ်းက ပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ အင်္ဂလိပ်စာမေဂျာ အဝေးသင်ကျောင်းသူ/သားတွေက ကြက်ဆီထမင်းစားသုံးရာမှ လူ ၅ဝ ထက်မနည်း အစာအဆိပ်သင့်ခဲ့တာပါ။

အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆရာကန်တော့ပွဲအပြီး ဒီအစားအစာကို စားသုံးခဲ့ပြီး နာရီပိုင်းအကြာမှာ အစာအဆိပ်သင့်မှုလက္ခဏာတွေ ဖြစ်ပွားခဲ့ပါတယ်။

အစာအဆိပ်သင့်သူ လူဦးရေ ၅ဝ ထက်မနည်း အော့အန်ခြင်း၊ ဝမ်းလျောခြင်းများ ဖြစ်ပွားတဲ့အပြင် လူ ၁၂ ဦးက ဝေဒနာပြင်းထန်ခဲ့ပြီးတော့ လွိုင်ကော်ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူရသည့်အထိ ဖြစ်ပွားခဲ့ပါတယ်။

အစာအဆိပ်သူတွေကတော့ စဖြစ်တဲ့ ၂ ရက်မြောက်နေ့မှာပဲ ရောဂါကနေ သက်သာသွားခဲ့ကြပါပြီ။

လွိုင်ကော်တက္ကသိုလ်တာဝန်ရှိသူတွေကတော့ သူတို့အနေနဲ့ ဒီအစားအဆိပ်သင့်မှုကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးဖို့ အခြေအနေမရှိသေးပေမယ့်လည်း ကျောင်းသားတွေရဲ့ သဘောဆန္ဒကသာ အဓိကပဲလို့ လွိုင်ကော်တက္ကသိုလ်၏ မော်ကွန်းထိန်း ဦးမြင့်ဗိုလ်က ဖြေရှင်းထားပါတယ်။ 
အစားအသောက်တွေကို ပမာဏများများနဲ့ ချက်ပြုတ်ရပါက အစားအစာသန့်ရှင်းလတ်ဆက်မှုနဲ့ ပတ်သက်လို့ အစိုးရဌာနဆိုင်ရာဆီကို ဆက်သွယ်အကူအညီ တောင်းခံရန်ဖို့လည်း ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာရဲ့ ပြည်နယ်ဦးစီးမှူး ဦးခန်းလျှံစွမ်းက တိုက်တွန်းထားပါတယ်။

“နောက်ဆုံးတော့ ကျနေ်ာတို့ အကြံပြုပါတယ် ဒီလို များများချက်ရမယ်ဆိုရင်တော့ ဒီ တိ-မွေ-ကု ပညာရှင်တွေ ခေါ်ပြီးတော့ သေချာ စစ်ဆေး ရောဂါကင်းမှပဲ အဲ့လို ချက်တာပြုတ်တာကို ကောင်းတယ်လို့ အခုတော့ တော်သေးတာပေါ့ လူသေပျောက်တာ သိပ်မရှိတာပေါ့ ဆေးရုံကနေ ဖြစ်သွားတာ အန္တရာယ်သိပ်များပါတယ် အစာဆိပ်သင့်တာ အဲတော့ အလှူတို့ ဘာတို့မှာ ကိုယ်ချက်တဲ့ ထမင်းဟင်းတွေဆိုရင် လတ်လတ်ဆက်ဆက် ကိုယ့်ရှေ့မှာပေါ်တဲ့ အသားငါးပဲ စားသင့်တယ် အသီးအရွက်ဆိုလည်းပဲ အခုက ဓါတုဆေးတွေ သိပ်များနေတယ် အဲတော့ မချက်ပြုတ်ခင်လေး သေချာဆေးကြော ဖြစ်နိုင်ရင်တော့ ရှာလကာရေနဲ့ သေချာဆေးပေါ့နော် ဒါမှမဟုတ် ဆားရေတွေနဲ့ နည်းနည်း စိမ်တာတို့ပေါ့ ကျနော် အဲဒါလေးတွေကို မှာချင်တယ်”လို့ သူက ပြောပါတယ်။

ဒီလိုမျိုး စားသုံးသူအကြားက ကြုံတွေ့နေရတဲ့ ပြဿနာတွေကို တာဝန်ရှိသူတွေဆီကို လာရောက်တိုင်တန်းမျိုး ပြုလုပ်မှပဲ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ကြားဝင်စေ့စပ်ညှိနှိုင်းဖြေရှင်းပေးတာတွေ ပြုလုပ်နေပေမယ့်လည်း အစာအဆိပ်သင့်တဲ့ ကာယကံရှင်တွေက ဒီအစာအဆိပ်သင့်မှုနဲ့ ပတ်သတ်လို့ တိုင်းကြားတာမျိုး မရှိသေးဘူးလို့ ဦးခမ်းလျှံစွမ်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

spot_img
spot_img

Recent posts