spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆေးဝါးပို့ဆောင်နိုင်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ အားနည်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည်မှာ နယ်မြေလုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စစ်ရှောင်လူထုတွေဆီကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ နဲ့ ဆေးဝါးတွေ ရောက်ရှိလာဖို့ အခက်အခဲတွေရှိနေတယ်လို့ CHDN (လူထု ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက်) ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။

“သယ်ယူပို့ဆောင်ရေးက လမ်းမကြီးတွေ မသွားနိုင်တဲ့အတွက် ကျနော်တို့ တောလမ်းကနေ သွားတဲ့အချိန်မှာ ကျနော်တို့အခက်ခဲရှိတယ်။” လို့ CHDN (လူထု ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက်) ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။

လူထုတွေဆီကို ဆေးဝါးသယ်ယူတဲ့အခါတွေမှာ လမ်းမကြီးတွေကို အသုံးပြုသွားလာလို့ မရတော့ဘဲ တောလမ်းတွေကို အသုံးပြုသွားလာရတာကြောင့် တချို့နေရာတွေမှာ ကားတွေသွားလို့မရဘူးလို့ ဆိုပါတယ်။ ဆေးဝါးတွေကို လူအားနဲ့ သယ်ယူနေရတာတွေရှိနေပြီး တချို့ လက်လှမ်းမမီတဲ့နေရာတွေလည်းရှိနေတယ်လို့ ခွန်းဖိလစ်က ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက ဆေးရုံဆေးပေးခန်းတွေကို ပစ်မှတ်ထားပြီး လေယာဉ်ဗုံးကြဲတာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေရှိနေတာကြောင့် လူထုတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာမှာ အခက်အခဲဖြစ်စေတယ်လို့ ခွန်းဖိလစ်က ဆက်ပြောပါတယ်။

“ကျနော်တို့ ဆေးရုံဆေးခန်းရှိတဲ့နေရာတော်တော်များများက စစ်ကောင်စီက မြေပြင်ကနေလာမှာ မကြောက်ရပေမဲ့လည်း လေကြောင်းနဲ့ ဗုံးလာကြဲတာတို့ လက်နက်ကြီးတွေ လှမ်းပစ်နေတာမျိုးတွေ ကျတော့ အဲ့တာကတော့ အခက်ခဲပေါ့နော်။” လို့ CHDN (လူထု ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက်) ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။

လက်ရှိကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ ဆေးဝါးပြတ်လပ်မှုတွေ မကြာခဏကြုံတွေ့နေကြရပြီး ဖရူဆိုမြို့နယ်ထဲက တချို့ဆေးခန်းတွေမှာ ရက်လွန်သွားတဲ့ ဆေးဝါးတွေကိုပါ အသုံးပြုနေရပါတယ်။

ကရင်နီမှာ စစ်ရှောင်ဦးရေဟာ နှစ်သိန်းခွဲကျော် ရှိနေတာပါ။ ဒီးမော့ဆိုမြို့နယ်မှာတော့ စစ်ရှောင်ဦးရေ တသိန်းကျော်ရှိနေပြီး စစ်ရှောင်အများဆုံးရှိနေတဲ့မြို့နယ်တခုပါ။ စစ်ရှောင်ဦးရေများတာကြောင့် စစ်ရှောင်စခန်းက ဆေးဝါးပြတ်လပ်မှုတွေ မကြာခနကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီအဖွဲ့ (IEC) အနေနဲ့ လည်း လိုအပ်တဲ့‌ဆေးဝါးတွေ ကူညီပေးနေတာရှိပေမဲ့ တဖွဲ့တည်း ကူညီဆောင်ရွက်နိုင်ဖို့ အခက်ခဲကြောင့် အခြားသော သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတာရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ( ၂ ) ဦးဗညားက အခုလို ပြောပါတယ်။

“ကျနော်တို့ဆီမှာက IEC ကျန်းမာရေးဌာနကလည်း ပေါ်ထွန်းလာတာ သိပ်မကြာသေးဘူး။ အခုချိန်မှာ စပြီးတော့ ကျနော်တို့က ညှိနှိုင်းတဲ့အဆင့်ပဲသွား နေတယ်ပေါ့နော်။ သို့ပေမဲ့လည်း ကျနော်တို့အနေနဲ့ အထူးပင် ဂုဏ်ယူတာကတော့ တိုင်းရင်းသား လက်နက်ကိုင် ကျန်းမာရေးဌာနတွေရယ်၊ အခုနောက်မှ ပေါ်ထွန်းလာတဲ့ ကျန်းမာရေးအစုအဖွဲ့တွေရဲ့ အားကောင်းမောင်းသန်တဲ့၊ နောက်ပြီးတော့ ဘာသာရေးအသင်းအဖွဲ့တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ သွားနေတာဖြစ်တယ်”လို့ IEC အတွင်းရေးမှူး ( ၂ ) ဦးဗညား က ပြောပါတယ်။

လက်ရှိကရင်နီပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကျန်းမာရေးဌာနတွေအပြင်၊ စစ်ရှောင်ကူညီတဲ့ အဖွဲ့အစည်းတွေ နဲ့ လူမှုအသင်းအဖွဲ့တွေက နိုင်ရာဝန်ထမ်းပြီး ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးနေကြပါတယ်။

ဒါပေမဲ့လည်း ကုန်စျေးနှုန်းတွေမြင့်တက်လာတဲ့ နောက်မှာ တနိုင်တပိုင် ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့နေရာမှာ အခက်အခဲပိုများလာတယ်လို့ ကရင်နီပြည် စစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကုန်စျေးနှုန်းတက်တာပေါ့နော်။ ဒီဆေးပိုင်းမှာဆို ၄/၅/၁၀ သိန်းဖိုးဆို ဘယ်လောက်မှ မရဘူးပေါ့နော်။ ဒီလူနာ ၄/၅/၇ယောက်လောက် ကုလိုက်တာနဲ့ ဆေးတွေက ကုန်သွားပြီပေါ့။ ကျနော်တို့က အခမဲ့ လိုက်ကုသပြီး ဆေးတွေဘာတွေ ဝေပေးတယ်ဆိုတော့ ကျနော်တို့ ဒီဆေးဝါးကုသမှု အစီအစဥ် မိုဘိုင်းမှာ တခေါက်တခေါက်ဆို အနည်းဆုံး သိန်း ၁၅/၂၀ကြားမှာ ကုန်တယ်‌ပေါ့။ ဒါက ဆေးဖိုး သီးသန့်ပဲရှိသေးတာပေါ့။” လို့ ကရင်နီပြည် စစ်ရှောင်ကူညီစောင့်ရှောက်ရေး ကွန်ယက် ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေဟာ ရှိနေတဲ့ လုပ်နိုင်စွမ်းနဲ့ လူ့အရင်းအမြစ်
တွေအရ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေကိုသာ ဦးစားပေးလုပ်ဆောင်နိုင်သေးတယ်လို့ CHDN ရဲ့ ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။

“အားလုံးက ကြိုးကြိုးစားစားနဲ့ တော့လုပ်နေကြတယ်။ တဖက်မှာက ဆေးဝန်ထမ်းတွေဆိုတာက ဆေးပညာတွေ ဘယ်လောက်ပဲရှိနေရှိနေ အထောက်အကူပြုတဲ့ ဆေးဝါးတို့၊ ပစ္စည်းတို့ မရှိရင် ကျနော်တို့ လုပ်လို့မရဘူးလေ။” လို့ ခွန်းဖိလစ် ကပြောပါတယ်။

ဆေးဝါးပြတ်လပ်မှုတွေရှိနိုင်ပေမဲ့ သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတွေဆီမှာ လိုအပ်တဲ့ ကုသမှုတွေကို ခံယူနိုင်တယ်လို့ ခွန်းဖိလစ်က ပြောပါတယ်။

spot_img
spot_img

Recent posts