spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူငယ်များ အလုပ်အကိုင်ရရှိရေး အသက်မွေးဝမ်းကျောင်း ၃ လ သင်တန်း ဖွင့်မည်

Author

Date

Category

လွိုင်ကော်မြို့ တံတားဆောက်လုပ်ရေး၌ အလုပ်သမားများကို ယမန်နှစ်ကတွေ့ရစဉ်(ဓါတ်ပုံ-လင်းသန့်)

နော်ဒွေးအယ်ခူ

ပြည်နယ်အတွင်းရှိ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရန်အတွက် အစိုးရစက်မှုအထက်တန်းကျောင်းနှင့် FRC တို့မှ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းသင်တန်း ကာလတိုသင်တန်းတစ်ခုကို လာမည့် ဩဂုတ်လ ၁ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

“သူတို့ဆီမှာ ပညာရေးနဲ့ပတ်သက်ရင် ဆုံးခန်းမတိုင်တဲ့လူငယ်တွေပေါ့ အဲဒီလူငယ်တွေကို သက်မွေးပညာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတစ်ခုခုကို ရစေချင်တာပေါ့။” ဟု သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို FRC ၏ Project Office Manager ကိုစိုင်းလင်းထက်အောင်က ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်ဘဲ ကျောင်းထွက်လိုက်ရသည့် လူငယ်များအတွက် ယခုသင်တန်းမှ ရရှိလိုက်သောပညာဖြင့် အလုပ်အကိုင်ရရှိနိုင်ရန် ရည်ရွယ်ဖွင့်လှစ်မည်ဖြစ်သည်။

အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်း၊ အခြေခံဆောက်လုပ်ရေးပန်းရံသင်တန်း၊ အခြေခံလျှပ်စစ်မီးလိုင်းသွယ်တန်းခြင်းသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံလက်သမားနှင့် ဆေးသုတ်သင်တန်း အစရှိသည့် သက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ဘာသာရပ်များကို ပို့ချမည်ဖြစ်သည်။

ယင်းသင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး သင်တန်းအမျိုးအစားတစ်ခုလျှင် လူဦးရေ အယောက် ၂ဝ ခန့် သတ်မှတ်ခေါ်ယူမည်ဖြစ်သည်။ လွိုင်ကော်မြို့ပြင်ပမှ တက်ရောက်မည့် သင်တန်းသူ/သားများအတွက် သတ်မှတ်ထားသောစံနှုန်းနှင့် ကိုက်ညီသောသူများကို နေရေး၊ စားရေး စီစဉ်ပေးမည်ဖြစ်သည်။

FRC မှ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ သင်တန်းကို ၂၀၁၆ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်တွင် ကာလတို ၃ လ သင်တန်းကို ၃ကြိမ်၊ ၂၀၁ရခုနှစ်တွင် သင်တန်းကို ၂ကြိမ်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ကာလတို ၃ လ သင်တန်းကို ၂ ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တက်ရောက်အောင်မြင်သော သင်တန်းသူ/သားများကို အစိုးရအသိအမှတ်ပြုအောင်လက်မှတ် ထုတ်ပေးမည်ဖြစ်သည်။

“တော်တော်များများ လွိုင်ကော်ပြင်ပကသူတွေကို အဆောင်မှာပဲထားပြီး စီစဉ်ပေးတယ်။ အဆောင်ကိုတော့ ကျောင်းနဲ့နီးတဲ့နေရာမှာ ငှါးထားတယ်” ဟု ကိုစိုင်းလင်းထက်အောင် ကဆိုသည်။

အဆိုပါ ၃လ ကာလတိုသင်တန်းကို စာတွေ့သင်ကြားခြင်းနှင့် လက်တွေ့သင်ကြားခြင်း ဟူ၍ နှစ်ပိုင်းရှိသည်။ စာတွေ့သင်ကြားရာတွင် နည်းပညာအထက်တန်းကျောင်း(လွိုင်ကော်) တွင် ဆရာ/မများမှ ၆ပတ်အထိ သင်ကြားပေးခြင်းနှင့် လက်တွေ့ ကွင်းဆင်းလေ့လာသင်ယူခြင်းကို ဆောက်လုပ်ရေးဆိုဒ်များ၊ ဆိုင်ကယ်ပြင်ဆိုင်များနှင့် လူမှုရေး၊ ဖွံ့ဖြိုးရေးလုပ်ဆောင်သော ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့များတွင် (၆)ပတ် အထိ အလုပ်သင်ဆင်းရမည်ဖြစ်သည်။

“ဆောက်လုပ်ရေးလုပ်ငန်းတွေမှာဆိုရင် အခုနောက်ပိုင်းမှာ သူတို့က လူတစ်ယောက်ခန့်တဲ့အချိန်မှာဆိုရင် သူတို့ရဲ့ အသိအမှတ်ပြုလက်မှတ်လိုမျိုးက တင်ဒါ Process အရကော အသုံးဝင်ပါတယ်။ အဲဒီလက်မှတ်တွေကို ပြန်ပြီးအသုံးချကြတယ်။ နောက်အစိုးရအလုပ်နေရာတွေကို လျှောက်ရင်လည်း နောက်ဆက်တွဲတစ်ခု အနေနဲ့လျှောက်ကြတယ်’’ ဟု ကိုစိုင်းလင်းထက်အောင် ကဆိုသည်။

သင်တန်းကို တက်ရောက်အောင်မြင်သော သင်တန်းသူ/သားများမှာ ရပ်ရွာရပ်ကွက်ထဲတွင် ကိုယ်ပိုင်လုပ်ငန်းအသေးများ ပြန်လည်အသုံးချခြင်း၊ အစိုးရ ဌာနဆိုင်များတွင် အလုပ်ပြန်လျှောက်သည့်သူများလည်း ရှိကြောင်း သိရသည်။

လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင်ဆောင်ရွက်ရာတွင် စီးပွားရေးသမားများအနေဖြင့် ပူးပေါင်းပါဝင်မှုနှင့် ပြည်နယ်အစိုးရကလည်း လူငယ်များ အလုပ်အကိုင်ရရှိအောင် ပေါ်လစီတစ်ခုထွက်လာဖို့ လိုအပ်ကြောင်း ၎င်းကဆိုသည်။

“ဒီကလေးတွေကို စီးပွားရေးသမားတွေက ဆောက်လုပ်ရေးကုမ္ပဏီ ထောင်ထားတဲ့သူတွေက ပြန်ပြီးတော့နေရာမပေးဘူး မသုံးဘူးဆိုတော့ ဒီကလေးတွေ အလုပ်ရရှိမှုအပိုင်းမှာတော့ အမြဲတမ်းကျနေမှာပဲပေါ့။ နောက်တစ်ခုက ပြည်နယ်အစိုးရအနေနဲ့လည်း ဒီအရာတွေကို ပေါ်လစီတစ်ခုထွက်လာဖို့ပေါ့နော။ ဥပမာ သင်တန်းဆင်းကလေးတွေကို ဆောက်လုပ်ရေးအပိုင်းတွေမှာ ဘယ်နှစ်ယောက်ထည့်ရမှာဆိုတဲ့ဟာမျိုးပေါ့ ရာခိုင်နှုန်းတွေနဲ့ သေချာချပြီးလုပ်ပေးမယ်ဆိုရင် ကလေးတွေ အလုပ်ရရှိမှုနှုန်းက တိုးတက်လာမယ်လို့ထင်တယ်ပေါ့” ဟု ကိုစိုင်းလင်းထက်အောင်က တွေ့ကြုံနေသည့် အခက်အခဲကို ပြောပါသည်။

အမှတ်စဉ်(၈) သင်တန်းကို တက်ရောက်ရန်အတွက် မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့၊ ဖရူဆိုမြို့၊ ဒီမော့ဆိုမြို့၊ ရှားတောမြို့နှင့် လွိုင်ကော်မြို့ တွင် လူတွေ့စစ်ဆေးသွားမည်ဖြစ်သည်။ အသက်အကန့်အသတ်မှာ (၁၅)နှစ်မှ (၃၅) နှစ်အတွင်း ဖြစ်ပြီး မည်သူမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။

spot_img
spot_img

Recent posts