spot_imgspot_imgspot_imgspot_img
Sunday, July 13, 2025
spot_imgspot_imgspot_imgspot_img

လူငယ်တွေကို တရားစီရင်ရေးဆိုင်ရာ အခြေခံဥပဒေ နဲ့ ပတ်သက်တဲ့ သင်တန်းပို့ချပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ တရားဥပဒေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် တရားစီရင်ရေးဆိုင်ရာ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ သင်တန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး လူငယ်တွေကို ပို့ချပေးနေတယ်လို့ သိရပါတယ်။

ပြည်သူလူထုတွေကို တရားဥပဒေအခွင့်အရေး အသိပညာတွေပေးနိုင်ဖို့၊ တရားသူကြီး၊ ဥပဒေအရာရှိတွေ၊ ရှေ့နေတွေ မွေးထုတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သင်တန်းဆရာတစ်ဦးက ပြောပါတယ်။

“ကျနော်တို့က ပြည်သူလူထုတွေကို ဥပဒေပါ အခွင့်အရေးတွေ ပေးနိုင်ဖို့ဆိုရင် ပေးလို့ရမယ့် ရုံးတွေ၊ လူတွေ ရှိဖို့လိုတယ်ပေါ့နော်။ ဒါကြောင့်မို့လို ကျနော်တို့က ဒီသင်တန်းကို လုပ်ရခြင်းဖြစ်တယ်။ ဒီသင်တန်းကနေမှ တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေ၊ ရှေ့နေတွေ ကျနော်တို့ မွေးထုတ်နိုင်ဖို့ ရည်ရွယ်ထားတယ်ပေါ့နော် “ လို့ သင်တန်းဆရာက ပြောပါတယ်။

အဆိုပါ သင်တန်းမှာ သင်ကြားတဲ့ဘာသာရပ်တွေကတော့ ပြစ်မှုဆိုင်ရာ ဥပဒေ၊ ရာဇဝတ်ကျင့်ထုံး၊ ပြစ်မှုကျင့်ထုံး သက်သေခံ ဥပဒေ၊ တရားရေးရုံးလက်ဆွဲ၊ ဥပဒေရုံးများ လက်ဆွဲ၊ သစ်တော ဥပဒေ၊ လောင်းကစားဥပဒေ အပြင် အခြားသော သိသင့်သိထိုက်တဲ့ ဥပဒေဆိုင်ရာ အကြောင်းအရာတွေကို ပို့ချပေးတယ်လို့ သိရပါတယ်။

သင်တန်းကနေ ပို့ချတဲ့ အကြောင်းအရာတွေကို ပြည်နယ်အတွက် ပြန်လည်အကျိုးပြုသွားမယ်လို့ သင်တန်းသူတစ်ဦးက ပြောပါတယ်။

“ကိုယ် အရင်ကထက်နဲ့စာရင် အများကြီး သိခွင့်ရတယ်။ ဒီသင်တန်းလာ join တဲ့ အတွက်ပေါ့နော။ ပိုပြီးတော့လဲ မြေပြင်မှာ ပြန်လုပ်မယ်ဆိုလို့ရှိရင်တောင် ချက်ချင်းအများမလုပ်နိုင်ဘူးဆိုရင်တောင်မှပဲ ကျမတို့ သိသလောက် တတ်သလောက်နဲ့ ပြန်ပြီးတော့မှ ကိုယ့်ရဲ့ ပြည်နယ်ကို အကျိုးရှိအောင် ပြန်လုပ်ပေးနိုင်မယ်ဆိုတာ ကျမ ယုံကြည်ပါတယ် “လို့ သူက ပြောပါတယ်။

သင်တန်းကို ကျောင်းသူ ၁၆ ဦး နဲ့ ကျောင်းသား ၂၆ဦး စုစုပေါင်း ၄၂ ဦး တက်ရောက်နေသလို သင်တန်းကာလ ၂ လဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှုနဲ့ အုပ်ချုပ်ရေးယန္တရားပျက်သုန်းသွားတဲ့ ကရင်နီပြည်မှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာ တရားဥပဒေစိုးမိုးနိုင်ဖို့အတွက် တရားရေးလုပ်ငန်းတွေကို အထောက်အကူပြုစေဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

spot_img

Recent posts