spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူငယ်တွေကြားရေပန်းစားလာတဲ့ ဆေးခြောက်နှင့် နောက်ဆက်တွဲအန္တရာယ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

Marijunna လို့ခေါ်တဲ့ Weed (သို့) ဆေးခြောက်ကို အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်က လူငယ်တွေဟာ လွတ်လွတ်လပ်လပ် အသုံးပြုလာကြတာကို တွေ့ရပါတယ်။

တချို့က Marijunna လို့ခေါ်တဲ့ Weed (သို့) ဆေးခြောက်ကို ဆေးဖက်ဝင်တဲ့အပင် အပြင်၊ ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးခြောက်လို့ သတ်မှတ်ထားကြပေမဲ့၊ တချို့ကတော့ မူးယစ်ဆေးဝါးတမျိုးလို့ပဲ သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် ဆေးခြောက်ကို ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း (၄၄) နိုင်ငံက တရားဝင်သုံးစွဲခွင့် ပေးထားပြီး၊ ပြစ်မှုမမြောက်တဲ့ နိုင်ငံပေါင်း (၅၀) ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာမသိမ်းခင်အထိ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပေးထားတာမရှိပေမဲ့၊ ကရင်နီပြည်မှာတော့ အာဏာသိမ်းနောက်ဆက်တွဲကြောင့် ဆေးခြောက်တွေကို လူကြီးလူငယ်မရွေး ပေါ်ပေါ်ထင်ထင် သုံးစွဲလာကြတာကိုတွေ့ရပါတယ်။

ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုတဲ့အကြောင်းရင်းတွေကတော့ စိတ်ကြွရူးသွပ်ဆေးပြား WY နဲ့ ICE သုံးစွဲမှုတွေ လျော့ချစေဖို့၊ အရက်အလွန်အကျွံသောက်ခြင်းကြောင့် အရွယ်မတိုင်ခင် သေဆုံးမှုကို လျော့ချစေဖို့၊ စိတ်ဖိစီးမှုတွေနဲ့ နေ့စဉ်ငြီးငွေ့ဖွယ်ကောင်းတဲ့ လူနေမှုစနစ်မှာ စိတ်အေးချမ်းသက်သာစရာ ထွက်ပေါက်တခုဖြစ်စေဖို့၊ ဆေးလိပ်သောက်နှုန်းလျော့ကျစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဆေးခြောက်သုံးစွဲခြင်းဟာ လွတ်လပ်ပေါ့ပါးခြင်းကို ဖြစ်စေနိုင်တယ်ဆိုပေမဲ့ လိင်စိတ်ကိုလျော့နည်းစေနိုင်ပြီး၊ ရေရှည်အသုံးပြုခြင်းက sex ဟော်မုန်းတွေကို လျော့နည်းစေသလို မျိုးပွားနိုင်စွမ်းကိုလည်း ကျဆင်းစေတယ်လို့ သိရပါတယ်။

“တန်ဆေးလွန်ဘေး” ဆိုသလို ဘယ်အရာကိုမဆို လွန်လွန်ကျူးကျူး အသုံးပြုရင် ဘေးထွက်ဆိုးကျိုး ရှိနေမှာ အမှန်ပါပဲ….။ ဒါကြောင့် ဆေးခြောက်သုံးစွဲတာများရင် သူ့ရဲ့ နောက်ဆက်တွဲ အန္တရာယ်က ဘာတွေဖြစ်လာနိုင်သလဲ…။ အထူးအဖြင့် အညွှန့်တလူလူ တက်ရမဲ့ လူငယ်တွေရဲ့ဘဝကို ဘယ်လို အဟန့်အတားဖြစ်စေနိုင်လဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။

ဆေးခြောက်အမျိုးအစားများ

ကမ္ဘာတဝှမ်းမှာ ဆေးခြောက် အမျိုးအစား၊ အမျိုးအမည်ပေါင်း ရာနဲ့ချီ ရှိတယ်လို့သိရပါတယ်။ ကရင်နီပြည်မှာတော့ Jade, Mango, Purple, Orange, Memory Cave, AK 47 စတဲ့ အခေါ်အဝေါ်တွေနဲ့ Weed ဆေးခြောက် အမျိုုးအစားတွေကို သုံးစွဲကြသလို အပင်တွေကိုလည်း အိမ်ခြံဝန်းတွေမှာ စိုက်ပျိုးလာကြတာကိုတွေ့ရပါတယ်။
ကရင်နီပြည်မှာ ဆေးခြောက်ပင်တွေ စိုက်ပျိုးနိုင်ဖို့ မျိုးစေ့တစေ့ကို ကျပ် (၄) သောင်း မှ (၁) သိန်း ကျော်အထိ စျေးအမျိုးမျိုးရှိတယ်လို့ သိရပါတယ်။

သုံးစွဲပုံများ
မြန်မာပြည်မှာတော့ ဆေးခြောက်ရွက်ကို ကြက်သားဟင်းတွေထဲ ထည့်ချက်ပြီး စားသုံးကြသလို လက်ဖက်ခြောက်ခပ်သောက်သလိုမျိုး သောက်သုံးကြပါတယ်။
လူငယ်တွေမှာတော့ ဆေးခြောက်ကို ဆေးလိပ်ကဲ့သို့ ဆေးရွက်ကြီးတွေနဲ့ ရောပြီး သောက်ရှူကြသလို၊ မီးရှို့ပြီး အငွေ့ကို နည်းမျိုးစုံနဲ့ ရှူရှိုက်တတ်ကြတာကို တွေ့ရပါတယ်။ တချို့တွေမှာတော့ ဆေးခြောက်ရှူတဲ့ အိုးနဲ့ သောက်ကြသလို ရေသန့်ဗူးလို ပလတ်စတစ်ဗူးနဲ့လည်း အိမ်လုပ်အိုးလုပ်သောက်ကြပါတယ်။
နိုင်ငံခြားတွေမှာတော့ ကိတ်မုန့်၊ ကွတ်ကီး၊ သကြားလုံး၊ ရေခဲမုန့်စတဲ့ မုန့်တွေမှာ ရောထည့်ကြသလို အဖျော်ယမကာတွေအဖြစ်လည်း ထုတ်လုပ်ကြပါတယ်။

ဆေးခြောက်သုံးစွဲခြင်းရဲ့ သက်ရောက်မှုများ
ဆေးခြောက်ကို ဘယ်လောက်သုံးလဲ၊ ဘယ်ပုံစံနဲ့ သုံးလဲ၊ ဘယ်နှစ်ကြိမ်သုံးလဲ၊ တခြား ဘယ်ဆေးတွေနဲ့ အတူ သုံးလဲ စတဲ့အပေါ်မှာမူတည်ပြီး အကျိုးသက်ရောက်မှုကွာခြားနိုင်ပါတယ်။
ပမာဏ အနည်းငယ်မှ အသင့်အတင့် သုံးစွဲခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကတော့ စိတ်ကျေနပ် ပျော်ရွှင်နေတာ၊ အေးအေးဆေးဆေး ဖြစ်နေတာ၊ အထိန်းအချုပ်နဲ့ အတားအဆီးတွေလျော့သွားတာ၊ လေပေါ်လွင့်နေသလို ဖြစ်နေတာ၊ ရယ်မောလွန်တာ၊ အကြည့်စူးရှတာ၊ အသံနဲ့ အရောင်တွေကို တမူ ထူးခြားစွာ သိမြင် နားလည်တာ၊ အာရုံခံကောင်းတာ၊ စားချင်စိတ်တက်လာတာတွေ ခံစားရနိုင်ပါတယ်။

ပမာဏများများ သုံးစွဲတဲ့အခါ အကျိုးသက်ရောက်မှုတွေအနေနဲ့ အာရုံ မစိုက်နိုင်တော့တာ၊ စိတ်ရှုတ်ထွေး တာ၊ မေ့လွယ်တာ၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိတော့တာ၊ ဂနာမငြိမ်တာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ပူပန်တာ၊ ထင်ယောင်ထင်မှားဖြစ်တာနဲ့ အာရုံချောက်ချားစေတာတွေ ဖြစ်နိုင်ပါတယ်။
ဆေးခြောက်ရှူခြင်းရဲ့ အကျိုး သက်ရောက်မှုကိုတော့ မိနစ် ၂၀ အတွင်း ခံစားရတတ်ပြီး ဆေးအာနိသင် ၂ နာရီမှ ၅ နာရီအထိ ကြန့်ကြာတတ်တယ်လို့ သိရပါတယ်။

ဆေးခြောက်ရဲ့ အန္တရာယ်
လူတဦးဟာ ဆေးခြောက်ကို ရေရှည်သုံးစွဲတာနဲ့ စွဲလမ်းမှီခိုနေမယ်ဆိုရင် သူ့ရဲ့ ပင်ကိုယ်စရိုက် နဲ့ စိတ်အားထက်သန်မှုကို ဆိုးဝါးစွာထိခိုက်စေနိုင်ပါတယ်။ သုံးစွဲသူရဲ့ စွမ်းအင်၊ အရည်အချင်း၊ လုပ်ငန်းတွေကိုလည်း ထိခိုက်ဆုံးရှုံးစေတဲ့အပြင် စိတ်ပါဝင်စားမှုမရှိတော့ဘဲ ဂရုမစိုက်၊ အလေးမထားဘဲ နေတတ်ကြပါတယ်။
ဒါတွေအပြင် အာရုံစူးစိုက်နိုင်စွမ်း၊ သင်ယူလေ့လာနိုင်စွမ်း ကျဆင်းလာပြီး မှတ်ဉာဏ်နည်းပါးလာတာနဲ့အမျှ လူငယ်တွေမှာ ကျောင်း (သို့မဟုတ်) အလုပ်အကိုင် (သို့မဟုတ်) နေ့စဉ်ဝတ္တရားတွေ ဆုတ်ယုတ်ပျက်စီးလာတာ၊ လူမှုရေးရာနဲ့ ငွေကြေးဆိုင်ရာ အဆင်မပြေမှုတွေ ဖြစ်လာတာ၊ မိသားစုနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကြား အဆင်မပြေမှုတွေဖြစ်လာတာ၊ ဆေးခြောက်အသုံးပြုမှုကို ရပ်တန့်ဖို့ ခက်ခဲလာတာတွေ ဖြစ်လာနိုင်ပါတယ်။

ကျန်းမာရေးသက်ရောက်မှုအနေနဲ့ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါတွေဖြစ်ကြတဲ့ ပန်းနာရင်ကျပ် ရောဂါ၊ အဆုတ်လေပြွန်ရောင်ရောဂါ၊ အဆုတ်ကင်ဆာနဲ့ ပါးစပ်ကင်ဆာ တွေဖြစ်လာနိုင်ပြီး ပိုမိုပြင်းထန်တဲ့ အဆုတ်ရောဂါတွေကိုလည်း ခံစားရနိုင်တယ်လို့ သိရပါတယ်။

ငယ်ရွယ်သူတွေမှာ ဆေးခြောက်(Cannabis)သုံးစွဲခြင်းဟာ ရေရှည်မှာ စိတ္တဇရောဂါ လက္ခဏာဖြစ်နိုင်ချေကို တိုးမြင့်စေတယ်လို့ သုတေသနပညာရှင်တွေက ပြောဆိုကြပါတယ်။ ဆေးခြောက်ကို (၆) နှစ်နဲ့ အထက်သုံးစွဲနဲ့ လူငယ်တွေဟာ စိတ်မူမမှန်တာ ၊ အမြင်အာရုံမှောက်မှားတာတွေကို နှစ်ဆတိုးဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

ဆေးခြောက်သုံးစွဲမှု ရုတ်တရက် ရပ်လိုက်ခြင်းရဲ့ သက်ရောက်မှုများ

ဆေးခြောက်သုံးစွဲပြီး ရုတ်တရက် ရပ်တန့်လိုက်မယ်ဆိုရင် သုံးစွဲမှုရပ်ပြီး ၁၂ နာရီခန့်မှာ သက်ရောက်မှုတွေပြလေ့ရှိပြီး၊ အများအားဖြင့် မပြင်းထန်ဘဲ လူအများစုမှာပဲ ရက်အနည်းငယ်သာ ကြာတတ်ပါတယ်။ စွဲလမ်းစွာသုံးစွဲသူတွေ၊ ပမာဏများများသုံးစွဲသူတွေနဲ့ ရေရှည်သုံးစွဲသူတွေမှာ ပိုမိုပြင်းထန်တယ်လို့ သိရပါတယ်။
တွေ့ရတဲ့ ရောဂါလက္ခဏာတွေကတော့ ဒေါသထွက်တာ၊ ရန်လိုတာ၊စိုးရိမ်ကြောင့်ကြတာ၊ စိတ်ဓာတ်ကျတာ၊ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတာ၊ အိပ်မက်ဆိုးမက်တာ၊ ချွေးထွက်လွန်တာ၊ တုန်ရီတာ၊ ကြွက်တက်တာ၊ ဂနာမငြိမ်ဖြစ်ပြီး မောပန်းတာ၊ပျို့တာအပြင် တခြား အစာအိမ် ပြသနာတွေဖြစ်တာ၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု လျော့နည်းလာတာတွေကို ပြလေ့ရှိပါတယ်။

လူငယ်တွေ ဆေးခြောက်ရှူခြင်းဟာ အပြင်းစား မူးယစ်ဆေးများ( hard drugs ) အသုံးပြုဖို့ အတွက် ကနဦးအဆင့် ဖြစ်တတ်ကြတာကို တွေ့ရပါတယ်။

ဆေးခြောက်ဟာ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဝါး အဖြစ်လက်ခံကြသူတွေရှိသလို လက်မခံကြသူတွေလည်းရှိပြီး လက်ရှိအချိန်ထိ ငြင်းခုန်နေကြဆဲအရာတွေ ဖြစ်ပါတယ်။
သို့ပေမဲ့ ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် လူငယ်တွေအနေနဲ့ ဆေးခြောက်ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။ မလွဲသာမရှောင်သာ သုံးစွဲရမယ်ဆိုရင်တော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အတိုင်းအတာထိ အသုံးပြုခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

ကိုးကား – NUG MOH website, Wikipedia website.

spot_img
spot_img

Recent posts