ကန္တာရဝတီတိုင်း(မ်)
လက်ရှိတော်လှန်ရေးဟာ လူတန်းစားပေါင်းစုံပါဝင်တဲ့ လူထုတော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် အားလုံးစည်းလုံးညီညွှတ်ကြဖို့ လိုအပ်ကြောင်း နဲ့ သင်တန်းဆင်းတဲ့ ရဲဘော်တွေကိုလည်း သမိုင်းကို နားလည်ကြဖို့ လိုအပ်တယ်လို့ ကရင်နီပြည်တပ်မတော် KA စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောပါတယ်။
ဒီကနေ့ (ဧပြီလ ၂၇ရက်) မှာပြုလုပ်ခဲ့တဲ့ ကရင်နီပြည်တပ်မတော် (KA) အပတ်စဉ် (၇၅) အခြေခံစစ်သင်တန်းဆင်းပွဲမှာ မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ ဒီရှေ့ဆက် လူငယ်လူရွယ်တွေ တိုးတက်တဲ့စာတတ်ပေတတ်လူငယ်တွေ အများကြီးပါဝင်လာပါတယ်။ အဲ့တော့ ဒီတော်လှန်ရေးဟာ ကရင်နီတော်လှန်ရေးတစ်ခုတည်း လုပ်လို့မရပါဘူး။ ရှမ်းတစ်ခုတည်းလည်း လုပ်လို့မရပါဘူး။ လူတန်းစားပေါင်းစုံ ၊ အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံပါဝင်တဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် လူထုတော်လှန်ရေးဖြစ်တယ်။ တော်လှန်ရေးထဲမှာ ကျနော်ပြောချင်တာက အခုဆိုရင် ပိုမိုပြီးတော့ စည်းလုံးကြမယ်။ အကွဲကွဲ အပြားပြား မဖြစ်ကြဖို့ လိုပါတယ်။ တိုးတက်တဲ့ လူငယ်လူရွယ်တွေ နိုင်ငံရေးကို လေ့လာကြပါ။ သမိုင်းကို သေသေချာချာ လေ့လာကြပါ။ အမှန်တရားဖက်ကို ရပ်တည်ကြပါ လို့ မှာချင်တယ်။ “ လို့ ဗိုလ်ချုပ်အောင်မြတ် က ပြောပါတယ်။
သင်တန်းပြီးသွားတဲ့ ရဲဘော်တွေအနေနဲ့ ကျရာအခန်းကဏ္ဍမှာ အလုပ်လုပ်သွားဖို့လည်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က အခုလို ဆက်ပြောဆိုပါတယ်။
“ အခုသင်တန်းဆင်းတဲ့ အပတ်စဉ် (၇၅) ရဲမေ၊ရဲဘော်တွေက သူတို့ ကျရာတာဝန်ကို မညည်းမညူပဲ စိတ်ပါကိုယ်ပါနဲ့ အလုပ်လုပ်သွားဖို့ မှာချင်တယ်။ အရေးကြီးတာက ကျန်းမာရေး၊ နောက်ပြီးတော့ စည်းကမ်းရှိဖို့ ၊ စည်းစည်းလုံးလုံးနေဖို့ အဲ့လိုပဲ မှာကြားချင်ပါတယ်။ “
ကရင်နီပြည်တပ်မတော်မှာ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစစ်သင်တန်းကို အပတ်စဉ် (၇၀) မှ (၇၅) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။