spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ
( KySDP ) မှ ပါတီတာဝန်ရှိသူတစ်ဦးက တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ပါတီဖျက်သိမ်းတာ မဖျက်သိမ်းတာကတော့ UEC နဲ့ ကျနော်တို့က အဓိက ကျနော်တို့က အရေးတယူစဉ်းစားတာမျိုးတွေ မရှိဘူးပေါ့နော။ အဓိကကတော့ လူထုတွေထောက်ခံမှုရှိနေသ၍ကတော့ ကျနော်တို့ ပါတီကတော့ ဆက်လက်ရှိနေအုံးမှာပဲ ဆိုတဲ့ အကြောင်းပြောလိုပါတယ်။ ဆိုတော့ ကျနော်တို့က ကျနော်တို့ပါတီ တည်ရှိခြင်းနဲ့ မတည်ရှိခြင်းက လူထုအပေါ်မှာပဲ မူတည်တယ်။ ကျနော်တို့ ပါတီတည်ထောင်ထားပြီးတော့မှ လူထုထောက်ခံမှုမရဘူး။ လူထုအားပေးမှုမရှိဘူးဆိုရင် ကျနော်တို့ထောင်ထားတဲ့ပါတီက ဘားမှ အဓိပ္ပါယ်မရှိဘူး ဖြစ်နေတာပေါ့။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဖျက်သိမ်းလိုက်တဲ့ တိုင်းရင်းသားပါတီ ၄၀ ထဲမှာ ကရင်နီပြည်နယ်က ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP) နဲ့ ကယန်းအမျိုးသားပါတီ ( KNP ) ပါဝင်တာ ဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲနေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ ပြည်နယ်အခြေအနေအရ ရွေးကောက်ပွဲဝင်ဖို့လည်း လုံးဝမဖြစ်နိုင်သလို ၂၀၀၈ အခြေခံဥပဒေအောက်ကနေ ပြုလုပ်တဲ့ ရွေးကောက်ပွဲကိုလည်း ပါဝင်မှာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( USDP )နဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP ) နဲ့ ကယန်းအမျိုးသားပါတီ ( KNP ) တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်နီပြည်နယ်က မဲဆန္ဒနယ်အသီးသီးမှာ မဲဆွယ်စည်းရုံးရေးအားကောင်းခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ UEC မှာ ပါတီမှတ်ပုံပြန်တင်ဖို့အတွက် အစီအစဉ်မရှိသလို ပြည်နယ်ရဲ့ လူဦးရေ သုံးပုံနှစ်ပုံကလည်း စစ်ရှောင်နေရတဲ့အတွက် ပြည်သူဘက်က ဆက်လက်ရပ်တည်သွားမယ်လို့ KySDP ပါတီ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ကျနော်တို့က ပြောရရင် ပြည်နယ်အနေအထားနဲ့ သိပြီးတော့မှ ကျနော်တို့ နိုင်ငံရေးကို ရပ်တည်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့ပြည်နယ်က စုတ်ပြတ်သတ်သွားတဲ့အနေအထားမှာ ကျနော်တို့က ရွေးကောက်ပွဲဝင်ဖို့ အကြောင်းအရင်းမရှိဘူးပေါ့နော။ တော်တော်များများ ကျနော်တို့ ပြည်သူလူထုတွေကလည်း ထက်ဝက်ကျော်လောက်က စစ်ရှောင်နေရတဲ့ ဘဝဖြစ်တဲ့ အခါကျတော့ ဒါကို ကျနော်တို့ ပြည်သူလူထုတွေရဲ့ အခက်အခဲတွေနဲ့ ငဲ့ညာပြီးတော့မှပဲ ပြည်သူလူထုဘက်ကနေပဲ ရပ်တည်ဖို့ ကျနော်တို့ အဲဒီလိုမျိုးပဲ စဉ်းစားထားတော့ မှတ်ပုံတင်ကိစ္စကို ကျနော်တို့ လုံးဝ ခေါင်းထဲ မထည့်တော့ဘူး။” လို့ သူက ပြောပါတယ်။

USDP ပါတီကတော့ စစ်ကောင်စီရဲ့ UEC မှာ ပြန်လည်မှတ်ပုံတင်ထားပါတယ်။

NLD ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကလည်း ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီဟာ တရားမဝင်ဖြစ်တဲ့အပြင် ပြည်သူလူထုကိုလည်း ကိုယ်စားမပြုတဲ့အတွက် ပါတီတွေကို ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့်မရှိကြောင်း ဖော်ပြထားပါတယ်။

ပါတီဖျက်သိမ်းခံရမှုနဲ့ ပတ်သက်ပြီး ကယန်းအမျိုးသားပါတီ KNP ရဲ့ အမြင်သဘောထားကို ကန္တာရဝတီတိုင်း(မ်) မှ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်ရေးအခြေအနေ အခက်အခဲကြောင့် မရရှိနိုင်ခဲ့ပါဘူး။

လက်ရှိမှာ စစ်ကောင်စီက ကရင်နီပြည်နယ်က ရှားတော၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲမြို့တွေကို စစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ မြို့နယ်တချို့ကို စစ်ကောင်စီမထိန်းချုပ်နိုင်တဲ့အတွက် တစ်ဖက်မှာ နေရပ်ကိုစွန့်ခွာပြီး မြို့ပေါ်တွေမှာ စစ်ဘေးရှောင်နေသူတွေကို စစ်ကောင်စီက အလှူအဒါန်းတွေနဲ့ ဗန်းပြပြီး အသုံးချမှုတွေ လုပ်လာလိမ့်မယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက သုံးသပ် ပြောဆိုပါတယ်။

“သူတို့ရဲ့ အုပ်ချုပ်ရေးယန္တာရားအောက်မှာ ပြည်သူလူထုတွေက ရှိနေပါတယ်ဆိုတဲ့ဟာကိုလည်း ပြန်ပြီးတော့မှ အသုံးချဖို့အတွက် ဒါစနစ်တကျပေါ့နော။ ဒီထက်ပိုပြီးစနစ်တကျ ပိုပြီးလုပ်လာလိမ့်မယ်ဆိုတာကိုတော့ ကြိုတင်ပြီး မှန်းဆလို့ ရပါတယ်ခင်ဗျ။”

စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် ယခင်သတ်မှတ်ထားတဲ့ လွိုင်ကော်ခရိုင်နဲ့ ဘောလခဲခရိုင်အပြင် ဒီးမော့ဆိုခရိုင်နဲ့ မယ်စဲ့ခရိုင် စတဲ့ခရိုင်နှစ်ခုကို တိုးချဲ့ထားပါတယ်။ ရွေးကောက်ပွဲပြင်ဆင်တဲ့အနေနဲ့လည်း ဇန်နဝါရီလအတွင်းက မြို့နယ်အလိုက် စစ်ကောင်စီယန္တာရားလည်ပတ်တဲ့ နေရာတွေကို လူဦးရေစာရင်း လိုက်လံကောက်ယူမှုတွေကိုလည်း ပြုလုပ်ခဲ့တာတွေလည်း ရှိပါတယ်။

spot_img
spot_img

Recent posts