spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ကယား(ကရင်နီ)ပြည်နယ်မှ ဗဟန်းထန် နှင့် အင်တာဗျူး

Author

Date

Category

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ မေလ ၃ ရက်နေ့တွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ကယား(ကရင်နီ)ပြည်နယ်မှ ဗဟန်းထန် ခန့်အပ်ခံလိုက်ရပြီး လက်ရှိ ၎င်းအနေဖြင့် တာဝန်ယူဆောင်ရွက်မှုအပိုင်းကို မေးမြန်းထားသည်။

မေး။ ။ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် ဘာကြောင့် လက်ခံဖြစ်တာလဲ။

ဖြေ။ ။ အဓိကကတော့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနပေါ့ ကျတော်တို့နိုင်ငံမှာဖြစ်ပေါ်တဲ့အနေအထားအရ ဒီဝန်ကြီးဌာနက တကယ်ပဲလိုအပ်တဲ့အခြေအနေအရ အမျိုးသားညီညွတ်ရေးအစိုးရက ဝန်ကြီးဌာနက ဖွဲ့စည်းလိုက်တယ်လို့ နားလည်ထားတယ်ပေါ့နော။ ကျတော်တို့နိုင်ငံမှာက လူ့အခွင့်အရေးချိုးဖောက်မှုတင်မကတော့ဘူး တကယ့် ရာဇဝတ်မှုတွေအထိကို စစ်ကောင်စီက ကျူးလွန်နေတာဖြစ်တယ်။ နိုင်ငံတကာကိုကြည့်မယ်ဆိုရင် လူ့အခွင့်အရေးဌာနဆိုတာက ကော်မရှင်တွေပေါ့ ကော်မရှင်ဆိုတာက အရပ်ဖက်အဖွဲ့အစည်းသီးသန့် တစ်ခုဖြစ်ပါတယ် အစိုးရနဲ့မဆိုင်ဘူးပေါ့နော။ သို့ပေမယ့် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရမှာတော့ဝန်ကြီးဌာနတစ်ခုအနေနဲ့ထည့်သွင်းထားတယ်ဆိုတာက ကိုယ်ကိုယ်တိုင်အကောင်အထည်ဖော်လို့ရတဲ့အနေအထားပေါ့နော ဒါက အားသာချက်ပေါ့။ ရင်ဆိုင်ရမယ့်အခက်အခဲတွေ စိန်ခေါ်မှုတွေတော့ အများကြီးပေါ့။ သို့ပေမယ့် ယှဉ်ကြည့်ဆိုရင် သူများနိုင်ငံမှာက အရပ်ဖက်လူ့အဖွဲ့အစည်းကနေပြီးတော့မှ အစိုးရကိုတွန်းအားပေးရတယ်။ လူ့အခွင့်အရေး ဒါတွေချိုးဖောက်နေပါပြီ ဒီလိုဖြစ်နေပါပြီဆိုတဲ့ဟာ အစိုးရကို Implementing ဆိုတဲ့ အကောင်အထည်ဖော်မှုတွေလုပ်ခိုင်းတယ်ပေါ့။ အခုဟာကျတော့ ကျတော်တို့ဝန်ကြီးဌာနအနေနဲ့ ကိုယ်ကိုယ်တိုင် အကောင်အထည်ဖော်ရမယ့်အပိုင်းမှာရှိသွားတဲ့အခါကျတော့ ဒါကတော့ အားသာချက်ပေါ့နော။ အဲ့တော့ ကျတော့်အနေနဲ့ကလည်း လက်ခံဖြစ်သွားတယ်ဆိုတာက လူ့အခွင့်အရေးပေါ်ပေါက်လာတဲ့အခါ ကျတော့်အနေနဲ့ အတတ်နိုင်ဆုံး ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ တကယ့်တကယ် စစ်ကောင်စီက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ ဒီထက်မကနိုင်ငံတကာမှာ ပိုပြီး အရေးယူနိုင်အောင် ဆောင်ရွက်နိုင်အောင်ဆိုပြီးတော့ ခံယူချက်နဲ့ လက်ခံဖြစ်သွားတာပေါ့။

မေး။ ။ အာဏာသိမ်းတဲ့ချိန်ကစပြီး လက်ရှိအချိန်ထိ စစ်ကောင်စီကနေ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးအရ ချိုးဖောက်နေမှုက ဘယ်လောက်ထိ ဆိုးဝါးနေပြီလဲ ဘယ်လိုမြင်လဲ။

ဖြေ။ ။ လက်ရှိ စစ်ကောင်စီကကျူးလွန်နေတာကိုကြည့်မယ်ဆိုရင် တော်တော်ဆိုးတာပေါ့ ဘာလို့ဆိုရင် AAPP ရဲ့ထုတ်ပြန်ချက်ကိုကြည့်မယ်ဆိုရင် ၃လ အတွင်းမှာ လူပေါင်း ၈၀၀နီးပါးပေါ့ လူ့အသတ်ပေါင်းများစွာကို လူမဆန်စွာ သတ်ဖြတ်နေမှုတွေလည်း လူ့အခွင့်အရေးရှုထောင့်ကနေ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်သားတွေ တက်ကြွလုပ်ရှားတဲ့သူလည်း အားလုံး ၃၀၀ကျော်ရှိပြီပေါ့နော။ ဒါတွေ အားလုံးကို ခြုံကြည့်မယ်ဆိုရင် နိုင်ငံတကာကလည်း လက်မခံနိုင်ဘူး။ ကျတော်တို့အနေနဲ့ ဒီလိုမျိုး ယန္တရားတစ်ခုကို တည်ဆောက်ပြီးတော့မှ အရေးယူနိုင်ဖို့ ပြင်ဆင်ထားတာရှိပါတယ်။ အဲဒီအခါကျရင်တော့ ကျတော်တို့ အချက်အလက် စုဆောင်းတာ လုပ်နိုင်ဖို့ ယန္တရားတစ်ခုကိုတည်ဆောက်ထားတယ်ပေါ့။ ဆိုတော့ ဒီလိုမျိုး တင်ပြလာတဲ့အချက်အလက်ပေါ်မူတည်ပြီး လက်တွေ့မှာ ဘယ်လိုမျိုး နိုင်ငံတကာကို အရေးယူနိုင်ဖို့ ဆောင်ရွက်နိုင်ဖို့ ICJ ထိသွားနိုင်ဖို့ဆိုရင် ကျတော်တို့အနေနဲ့ ပြင်ဆင်ထားတာရှိပါတယ်။

မေး။ ။ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ ဆရာ့အနေနဲ့ ဘယ်လိုတာဝန်တွေဆောင်ရွက်နေပြီလဲ လုပ်ငန်းစဉ်ကော ဘယ်ထိရောက်နေပြီလဲ။

ဖြေ။ ။ လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာဆိုရင် ပထမဆုံးဝန်ကြီးဌာနဖြစ်တယ်ပေါ့နော အသစ်ဖွဲ့စည်းလိုက်တဲ့ဝန်ကြီးပြောလို့ရတယ်။ သူများနိုင်ငံမှာကတော့ ဝန်ကြီးဌာနဆိုတာမရှိဘူး လူ့အခွင့်အရေးဆိုတာက သူတို့က ကော်မရှင်ပဲရှိတယ်။ ဆိုတော့ ကျတော်တို့အနေနဲ့ လုပ်ဆောင်ရမယ့် ကဏ္ဍတွေအမျာကြီးပေါ့နော လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ဆောင်ပုဒ်ကတော့ “ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး” ဆိုတဲ့အချက် ၃ ချက်ကို ကျတော်တို့က ဆောင်ပုဒ်အနေနဲ့ ကိုင်ဆောင်ထားတာရှိပါတယ်။ Vision ကတော့ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူများအားလုံး မည်သည့်အကြောင်းနဲ့မှ ခွဲခြားမှုမရှိစေရဘဲ တန်းတူညီမျှစွာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့အညီ အခြေခံလူ့အခွင့်အရေးအားလုံးကို ရရှိခံစားရမှာဖြစ်ပါတယ်။ Mission ဆိုတဲ့ လုပ်ငန်းတာဝန်ကတော့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူအားလုံး အခြေခံလူ့အခွင့်အရေး ခံစားခွင့်ရရှိရေးအတွက် လူ့အခွင့်အရေးစံချိန်စံနှုန်းကို လေးစားရန် ကာကွယ်စောင့်ရှောက်ပေးရန် မြှင့်တင်ပေးရန် တာဝန် သုံးခုကို ပြည်ပအဖွဲ့အစည်းနဲ့ လက်တွဲပြီးတော့မှ လူ့အခွင့်အရေးချိုးဖောက်မှုကို မှတ်တမ်းတင်ဖော်ထုတ်ပြီးတော့ ချိုးဖောက်တဲ့သူကိုလည်း နိုင်ငံတကာမှာ တရားစီရင်နိုင်ဖို့ ဆောင်ရွက်ဖို့ရှိပါတယ်။ နောက်တစ်ချက်က အရပ်ဖက်လူ့အဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ကျတော်တို့ဝန်ကြီးဌာနကတော့ လူ့အခွင့်အရေးစံချိန်စံနှုန်းနဲ့အညီ အခြေခံလူ့အခွင့်အရေးတွေကို ရရှိခံစားဖို့အတွက် ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုရဲ့ပူးပေါင်းဆောင်ရွက်မှုကို လေးစားတန်ဖိုးထားမှာဖြစ်ပါတယ် ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့အသံကို နားထောင်ပြီးတော့ ပြည်သူလူထုအတွက် ကုစားပေးနိုင်ဖို့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ထိရောက်အောင်မြင်တဲ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူတွေ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ပေးတဲ့သူတွေ အချက်အလက်စုဆောင်းတဲ့အဖွဲ့အစည်းတွေ စည်းရုံးလုံ့ဆော်ပေးနေတဲ့သူတွေ သူတို့နဲ့တွေ့ဆုံပြီး အစဉ်အဆက်မပြတ်လုပ်ဆောင်ဖို့ အစီအစဉ်ချမှတ်ထားပါတယ်။

မေး။ ။ လူ့အခွင့်အရေးအသိပညာတွေကို ပြည်သူကြား သိရှိအောင် ဘယ်လိုလုပ်ဆောင်မလဲ။

ဖြေ။ ။ လူ့အခွင့်အရေးကို တစိုက်မတ်မတ်လုပ်ရှားလာခဲ့တဲ့ ကျတော်တို့ဝန်ကြီးဌာနက ဝန်ကြီးဦးအောင်မျိုးမင်းကျတော့ နှစ် ၃၀ နီးပါး ဒီလူ့အခွင့်အရေးပေါ် အခြေခံပြီးတော့ လုပ်ရှားလာတဲ့သူဖြစ်တဲ့အတွက် အားသာချက်တစ်ခုအနေနဲ့ သူ့မှာ Network တွေအများကြီးရှိပြီးသားပေါ့ ကျတော်တို့အနေနဲ့ အများကြီးလုပ်ဆောင်သွားဖို့ ဒေသခံပြည်သူအနေနဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပိုပြီးသိရှိဖို့ မြှင့်တင်ပေးဖို့ဆိုတာက ကျတော်တို့ ချိတ်ဆက်ထားပြီးသားလည်းရှိပါတယ်။ အခုလက်ရှိမှာလည်း ကြိုးစားနေပါတယ်။ လူ့အခွင့်အရေးအခြေခံသင်တန်းတွေ ပိုပြီးမြှင့်တင်ဖို့ နားလည်ဖို့ လေးစားလိုက်နာဖို့ဆိုတဲ့ဟာလည်း အများကြီးအစီအစဉ်ချထားတာရှိပါတယ်။

မေး။ ။ စစ်ကောင်စီကနေ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုကို ဘယ်လိုတုန့်ပြန်ပြောဆိုချင်လဲ။

ဖြေ။ ။ လက်ရှိဖြစ်ပေါ်နေတဲ့အနေအထားအရဆိုရင်တော့ ကျတော်တို့မြန်မာနိုင်ငံမှာ အထူးသဖြင့် အမျိုးသမီးတွေ စစ်ကောင်စီကနေ လူ့အခွင့်အရေးချိုးဖောက်မှုတွေအများကြီးရှိတယ်။ အစကပြောသလိုမျိုးပဲ လူ့အခွင့်အရေးချိုးဖောက်မှုတင်မကတော့ဘူး ဒါက ရာဇဝတ်မှုဖြစ်တဲ့အတွက် ကျတော်တို့ကိုသတင်းပေးရုံမဟုတ်ဘဲနဲ့ အချက်အလက် အတိအကျ Case တစ်ခုအနေနဲ့ ပို့လာနိုင်အောင် Website အနေနဲ့ ဝန်ကြီးဌာနမှာလုပ်ထားပြီ လောလောဆယ်တော့ Public မှာမချသေးဘူး။ လုပ်ပြီးပြီဆိုရင် ကျတော်တို့အနေနဲ့ ဘယ်သူကဖြင့် ဘယ်လိုတိုင်ကြားလို့ရလဲ ဘယ်လိုပို့လာလို့ရလဲ ကျတော်တို့ဝန်ကြီးဌာနကို ဆက်သွယ်လို့ရတယ်။ ရရှိလာတဲ့ Data ပေါ်မူတည်ပြီးတော့ Case တစ်ခုစီကိုကြည့်ပြီးတော့မှ ဖြစ်ပျက်ခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုခံခဲ့ရတဲ့သူတွေအတွက် ဘယ်လိုကုစားပေးနိုင်လဲဆိုရင် Data တွေကို သိမ်းဆည်းပြီးတော့မှ နိုင်ငံတကာမှာပိုပြီးတော့ တင်ပြနိုင်အောင် ဆောင်ရွက်နိုင်တဲ့အခြေအနေတစ်ခုထိရောက်အောင် ပြင်ဆင်ထားတာရှိပါတယ်။ အဲ့တော့ ကုစားမှုပေးဖို့အပိုင်းမှာကျတော့ ကျတော်တို့အနေနဲ့ ဒီတော်လှန်ရေးကာလပြီးရင်တော့ ကျတော်တို့အနေနဲ့ နောက်ကျရင် စစ်တပ်ပဲဖြစ်ဖြစ် ရဲပဲဖြစ်ဖြစ် ပြည်သူလူထုပဲဖြစ်ဖြစ် ကျတော်တို့က လူ့အခွင့်အရေးလို့ပြောတဲ့နေရာမှာ လေးစားလိုက်နာရမယ် ကာကွယ်စောင့်ရှောက်ရမယ် မြှင့်တင်ရမယ်ပေါ့။ ပြောရုံပဲမပြီးဘူး အားလုံးက သိရှိနားလည်ပြီးတော့မှ လူ့အခွင့်အရေးဆိုတာ ကာကွယ်ဖို့တာဝန်ရှိတယ်။ စစ်တပ်မှမဟုတ်ဘူး ရဲမှမဟုတ်ဘူး ပြည်သူလူထုတစ်ယောက်စီ တစ်ဦးစီတိုင်း လေးစားလိုက်နာဖို့ တာဝန်ရှိတယ် ကာကွယ်ဖို့တာဝန်ရှိပါတယ် မြှင့်တင်ဖို့တာဝန်ရှိတယ်ဆိုတဲ့နည်းတွေနဲ့ မြှင့်တင်ဖို့လိုတယ်ပေါ့။ ပြောနေရုံနဲ့မပြီးဘူး သိရှိနားလည်ပြီးတော့ လူတိုင်းက လူ့အခွင့်အရေးဆိုတာ ကာကွယ်ဖို့တာဝန်ရှိတယ် စစ်တပ်မှမဟုတ်ဘူး ရဲမှမဟုတ်ဘူး ပြည်သူလူထုအားလုံး တစ်ယောက်ဆီ တစ်ဦးဆီတိုင်း လေးစားလိုက်နာဖို့တာဝန်ရှိတယ် ကာကွယ်ဖို့တာဝန်ရှိတယ် မြှင့်တင်ဖို့တာဝန်ရှိတယ်ဆိုတဲ့ နည်းတွေနဲ့ ကျတော်တို့က မြှင့်တင်ပေးဖို့လိုတယ်ပေါ့။ ဥပမာ- မိသားစုအတွင်းသော်လည်းကောင်း Domestic Abuse ဆိုတာလည်းရှိတယ်ဆိုတော့ ဒီလိုမျိုး သူတို့သိရှိနားလည်ပြီဆိုရင် လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ပညာတွေ တော်တော်များများ လက်ဆင့်ကမ်းနိုင်ပြီ သိရှိနားလည်ပြီဆိုရင် တစ်ဖက်တစ်လှမ်းကနေ အများကြီး အထောက်အကူဖြစ်မှာဖြစ်ပါတယ် ကုစားမှုအပိုင်းပေါ့။ နောက်တစ်ခုက ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက်အပြစ်ပေးနိုင်ဖို့ အချက်အလက်နဲ့တကွ သေချာသိမ်းဆည်းပြီးတော့ ကျတော်တို့ ဥပဒေလမ်းကြောင်းနဲ့အညီ အရေးယူမှုတွေ ပြုလုပ်နိုင်အောင် စီစဉ်ဆောင်ရွက်နေတဲ့ အနေအထားမှာရှိပါတယ်။

မေး။ ။ အခြားဖြည့်စွက်ပြောချင်တဲ့အကြောင်းအရာရှိသေးလား။

ဖြေ။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေပေါ့နော အဲ့တော့ ပြည်သူလူထုတစ်ရပ်လုံးက တစ်ခဲနက်ပေါ့နော အားလုံးပါဝင်ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒီတိုက်ပွဲက အောင်ကိုအောင်ရမယ်လို့ ကျတော့်အနေနဲ့ယုံကြည်တယ် အောင်လည်းအောင်မယ် စိတ်ချ။ အားတင်းထားဖို့က အပြန်အလှန် CDM လုပ်တဲ့သူလည်း CDM အလျောက်ပေါ့နော အမျိုးသားညီညွတ်ရေးအစိုးရဆိုလည်း သူ့ရဲ့ CRPH က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကနေ ဖွ့ဲစည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကနေ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကနေ ဆက်ပြီးတော့ လမ်းညွှန်မှုတွေအောက်မှာ ဆက်ပြီး လက်တွဲသွားဖို့၊ လက်ရှိ ပြည်နယ်အလိုက် နိုင်ငံတစ်ဝန်းမှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေအားလုံးလည်း လက်တွဲညီညီနဲ့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားဖို့ အကြံပြုချင်တယ်။ လက်ရှိ NUG အနေနဲ့ နိုင်ငံတကာမှာ တကယ့်အသိအမှတ်ပြုဖို့ ကျတော်တို့အနေနဲ့ အကောင်းဆုံးခြေလှမ်းတွေ ကြိုးစားနေပါတယ်ဆိုတဲ့ဟာလည်း မက်ဆေ့ပေးချင်တယ်။ အဲ့တော့ ပြည်သူလူထုတွေက ဆက်လက်ပြီး တိုက်ပွဲဝင်သွားဖို့ သပိတ်ဆိုရင်လည်း နီးစပ်ရာလုပ်နိုင်သလောက် ဆက်ပြီးလုပ်သွားဖို့လိုပါတယ်။ အဲ့ဒါကြောင့် ပြည်တွင်းအားရှိမှသာလျှင် နိုင်ငံတကာရဲ့စိတ်ဝင်စားမှုတွေ နိုင်ငံတကာရဲ့ကူညီမှုတွေ အားပေးမှုတွေရရှိမှာဖြစ်ပါတယ် အထူးပြောချင်ပါတယ်။

spot_img
spot_img

Recent posts