spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူ့အခွင့်အရေးတွေမရှိတော့တဲ့ စစ်ရှောင်ဘဝ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အသက် ၄၀ ဝန်းကျင် မုဆိုးမတစ်ယောက် ဖခင်မဲ့တဲ့ သား၊ သမီး ၃ ဦးနဲ့အတူ စစ်ရှောင်စခန်းတစ်ခုက ပေးကမ်းထားတာတွေနဲ့ တဲထိုးနေတဲ့ အိမ်ကလေးရှေ့မှာ ထင်းခွဲရင်း မျက်စိရှေ့ရောက်လာတဲ့ ကျမတို့ကို လက်ထဲက ပုဆိန်ချကာ ဝမ်းပမ်းတစ်သာ ကြိုဆိုနေလေရဲ့။ သူမနာမည်ကတော့ ဒေါ်မိုနန်း ပါ။

သူမ အမျိုးသားဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ ငှက်ဖျားရောဂါနဲ့ သေဆုံးသွားတာဖြစ်ပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့မှာ မေလ ၂၁ရက်နေ့ကစပြီး ဒေသတိုက်ပွဲဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း နေရာဒေသအသီးသီးက စစ်ရှောင်လူဦးရေ စတင်များပြားလာခဲ့ပါတယ်။ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်း စတဲ့မြို့အသီးသီးက ဒေသခံတွေက တိုက်ပွဲကြောင့် စစ်ရှောင်ခဲ့ကြတာရှိသလို တိုက်ပွဲဖြစ်ပွားမှာကိုစိုးရိမ်တဲ့အတွက် ကြိုတင်ရှောင်ရှားကြတာလည်း ဖြစ်ပါတယ်။

အဲ့ဒီအထဲမှာမှ လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာမှာနေထိုင်တဲ့ ဒေါ်နားမိုလည်းအပါအဝင်ပါပဲ။ သူမက တိုက်ပွဲစဖြစ်တဲ့ မေလကတည်းက စစ်ရှောင်လာခဲ့သူပါ။ တစ်ရွာပြီးတစ်ရွာ စစ်ရှောင်ရတာဖြစ်ပြီး ကြာလာတော့ အဆင်မပြေတော့တဲ့အတွက် ရွာပြန်နေလည်း ကြောက်စိတ်နဲ့မနေရဲတာကြောင့် အိုးအိမ်နေရပ်ကိုစွန့်ခွာ ညအိပ် ၈ရက်ခရီး တောတောင်ကနေ စစ်ရှောင်စခန်းကို ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။

အခုဆိုရင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းကို သူမ ရောက်ရှိလာတာ ၇ လနီးပါး ရှိသွားပါပြီ။ ၇ လအတွင်း စစ်ဘေးရှောင်စခန်းမှ ကျွေးမွေးထားတဲ့ ရိက္ခာတွေနဲ့ စားသောက်နေရပြီး ဝင်ငွေရ အလုပ်တစ်စုံတစ်ရာ မရှိတဲ့အတွက် ရေရှည်မှာ စားနပ်ရိက္ခာလုံလောက်စွာ မစားရတော့မှာကို စိုးရိမ်တယ်လို့လည်း သူမက ဆိုပါတယ်။

သူမဘာကြောင့်စစ်ရှောင်တာလဲလို့မေးကြည့်တဲ့အခါမှာ မြန်မာပြည်တွင်းမှာနေရတာ အခက်အခဲမျိုးစုံရှိပြီး အထူးသဖြင့် မြန်မာစစ်တပ်ကိုကြောက်ရွံတာ ငယ်စဉ်ကတည်းကဖြစ်သလို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး လူထုအပေါ် ပိုမိုဖိနှိပ်လာတဲ့အတွက် လွတ်လပ်ခွင့်ရှိပြီး စိတ်ချမ်းသားနိုင်မလားဆိုတဲ့ မျှော်မှန်းချက်နဲ့ ရောက်ရှိတာဖြစ်တယ်လို့ ပြောပြပါတယ်။

“ကျမတို့တောထဲမှာ နေရတာ အဆင်မပြေတော့ တစ်ရွာပြီးတစ်ရွာ၊ တစ်နေရာပြီးတစ်နေရာ ကျမတို့ ရှောင်ရတယ်။ ရှောင်ရင်းနဲ့ ကျမတို့ ပြန်သေးတယ်။ ပြန်တော့ ပိုဆိုးတယ်။ ပိုပြီး လုပ်တယ်။ အဲ့ကြောင့် ကျမတို့က မထူးဘူးဆိုပြီး ဒီဖက်ကို ထွက်လာလိုက်တာရှင့်။”

ဒါ့အပြင် သူမဟာ မြန်မာစစ်တပ်မှ ပေါ်တာထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ပေါ်တာထမ်းဖို့ တောထဲကို ၂ ညအိပ် ၃ ရက်ခရီး သွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သူမ ပေါ်တာထမ်းဖို့ ခေါ်ဆောင်သွားခံရတဲ့အချိန်ဟာ ၈ တန်း တက်နေချိန်ဖြစ်ပါတယ်။ သူမနဲ့အတူ ၆ လသားအရွယ် ကလေးမိခင်အပါအဝင် အသက် ၆၀ ဝန်းကျင်အထိ အမျိုးသမီး ၁၅ ဦး ခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။

“၂၀၀၀ ခုနှစ်မှာ အခုလို ရိတ်သိမ်းတဲ့အချိန်မှာ ကျောင်းပိတ်တော့ မိဘတွေနဲ့ အလုပ်ကူလုပ်တော့ တောထဲမှာ သွားလုပ်တယ်။ အဲ့ဒါ စစ်သားတွေက ပေါ်တာထမ်းဖို့ ခေါ်သွားတယ်။ မိန်းကလေးလည်း မိန်းကလေးမဆန်တော့ဘူး ခေါ်သွားတယ်။ သူတို့ခေါ်သွားတာတော့ ဘာမှ မခိုင်းပါဘူး။ ဒါပေမယ့် သူတို့မှာ ရန်သူက သူတို့ကို တိုက်မှာစိုးလို့ဆိုပြီးတော့ ခေါ်သွားတာ။ မိန်းကလေးကို အကြောင်းပြပြီးမှ ခေါ်သွားတာ သူတို့ကို မတိုက်ရဲအောင်ဆိုပြီးတော့ ခေါ်သွားတာပေါ့နော။ ယောကျာ်းတွေဆိုတော့ ပေါ်တာထမ်းခိုင်းတယ်။ ပုလိုင်းတွေ၊ တောင်းတွေလည်း ထမ်းခိုင်းတယ်ပေါ့နော။ မိန်းကလေးတွေထဲမှာ ပေါ်တာဆွဲတဲ့ထဲမှာ ကျမလည်း ပါခဲ့ရတယ်။ နှစ်ည၊ သုံးည ပါသွားခဲ့ရတယ်။” လို့ ဒေါ်မိုနန်းက သူမ ပေါ်တာထမ်းဖို့ ခေါ်ဆောင်သွားခံခဲ့ရတဲ့ နေ့တွေကို ပြန်ပြောင်းပြောပြပါတယ်။

အသက် ၄၀ ဝန်းကျင်ရောက်တဲ့အထိ လူ့အခွင့်အရေးလို့ပြောရင် ဘားမှန်းတောင်မသိလိုက်ရဘဲ ငယ်ရွယ်စဉ်က အမျိုးသမီးငယ်ဖြစ်လျက်နဲ့ ပေါ်တာခေါ်ဆောင်ခံရတာ၊ အရွယ်ရောက်တဲ့အခါမှာလည်း စစ်တပ်ကအာဏာသိမ်း၊ မုဆိုးမဖြစ်တဲ့အတွက် သားသမီးရဲ့ရှေ့ရေးကို အစစအရာရာပူပန်နေရ၊ တပ်နဲ့နီးတဲ့ ကျေးရွာတွေမှာ နေထိုင်ရတာ ဖြစ်တဲ့အတွက် လုံခြုံမှုကင်းမဲ့တာတွေကို ခံစားရတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတနေရာမှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်မှု ပုံရိပ်

လူ့အခွင့်အရေးလို့ပြောလိုက်တာနဲ့ မွေးရာပါ အခြေခံအခွင့်အရေး နဲ့လွတ်လပ်ခွင့်ကို ဆိုလိုတာဖြစ်ပါတယ်။ နိုင်ငံသားရဲ့လူ့အခွင့်အရေး အခြေခံတွေဖြစ်တဲ့ အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှဖြစ်ခွင့်၊ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးဖြစ်တဲ့ မိမိကိုယ်ပိုင်ယဉ်ကျေးမှုမှာ လွတ်လပ်စွာ ပါဝင်ခွင့်၊ အစားအစာရရှိခွင့်၊ အလုပ်လုပ်ကိုင်ခွင့် နဲ့ ပညာသင်ကြားခွင့် တို့ပဲ ဖြစ်ပါတယ်။

သို့ပေမယ့် ဒေါ်မိုနန်းအတွက်ကတော့ အဲ့လိုအခွင့်အရေး မခံစားရတဲ့အတွက် သူမရဲ့ သွေးသားရင်းချာ သား၊သမီး ၃ ဦးကိုတော့ ပညာသင်ကြားခွင့်ရဖို့အတွက် တစ်ပတ်ကြာတဲ့ ခြေလျင်ခရီးကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

သူမမှာ ပိုင်ဆိုင်တာဆိုလို့ သား၊ သမီးပဲ ဖြစ်တဲ့အတွက် ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားစေလိုပြီး ပညာတတ်တွေအဖြစ်သာ ရှင်သန်စေချင်တာ သူမရဲ့ တစ်ခုတည်းသော အိမ်မက်ပါ။ သို့ပေမယ့် သူမရဲ့ အိမ်မက်၊ ပန်းတိုင်၊ မျှော်မှန်းချက်တွေဟာ အာဏာသိမ်းမှုအောက်က ရေစုန်မျောသလို မျောပါသွားပါပြီ။ သို့ပေမယ့် အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ ပညာသင်ကြားခွင့်ကိုတော့ သူမက ရလိုစိတ်ရှိနေပါတယ်။

ဒါကြောင့်လည်း ခက်ခဲပင်ပန်း အသက်အန္တာရယ်ပါ စိုးရိမ်ရတဲ့ ရှည်ကြာတဲ့ လမ်းခရီးကို ရွေးချယ်ပြီး ရတဲ့ နည်းလမ်းနဲ့ သား၊ သမီးတွေကို ပညာသင်ခွင့် ရအောင် လုပ်ယူနေခဲ့တာပါ။

သူမလိုပဲ အာဏာသိမ်းမှုအောက်မှာ အိမ်မက်၊ ရည်မှန်းချက်၊ ပန်းတိုင် ပျောက်ဆုံးသွားသူတွေဟာ ကရင်နီပြည်နယ်မှာ ဒုနဲ့ဒေးပါ။

မိန်းကလေးတွေကို ပေါ်တာဆွဲတာဟာ မဖြစ်သင့်သလို လူ့အခွင့်အရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း လူသားဒိုင်းကာ အဖြစ် အသုံးပြုနေတာဖြစ်တယ်လို့ သူမက ဝေဖန်ပြောဆိုပါတယ်။

“စစ်သားတွေအနေနဲ့ ကျမတို့ကို ဘယ်ချိန်၊ ဘယ်ခါ လာပြီးတော့မှ နှိပ်စက်မလဲ။ ရက်ရက်စက်စက်ပေါ့နော။ အရင်တုန်းကဘဝတွေ ကျမတို့ မြင်ခဲ့တဲ့ အရာတွေ၊ သူများကို မီးရှို့သတ်ခဲ့တာတွေ၊ ပေါ်တာထမ်းပြီး မီးရှို့သတ်တာ ကျမ မြင်ဖူးတယ်လေ။ အဲ့ဒါတွေကြောင့် ကိုယ့်ကိုယ်ကို မခံစားနိုင်ဘူး။ သူတို့နဲ့ လွတ်တဲ့နေမှာပေါ့နော။ သူတို့နဲ့ ခပ်ဝေးဝေးဆိုပြီးတော့ သွားလိုက်တယ်။ ဒါပေမယ့် ဒီနေရာမှာ ရောက်ရင်လည်း ကိုယ်က အခြေအနေ မသိဘူးပေါ့နော။ ဝေးလား၊ မဝေးလားလည်း မသိခဲ့ဘူး။ စိတ်ကတော့ နည်းနည်းလေး လုံခြုံတယ်။ နည်းနည်းလေး အိပ်လို့ကောင်းတယ် အဲ့လိုပဲပေါ့နော။ ဟိုမှာကျတော့ အိပ်လို့လည်း မပျော်ဘူး။ စားလိုက် ပြေးလိုက် လုပ်ရတယ်။ နေ့တိုင်း အဲ့လိုလုပ်နေကျတော့ မလုပ်နိုင်တော့ဘူး။ ဒါကြောင့်မို့ ထွက်လာလိုက်တယ်ရှင့်။”

သူမဟာ တချိန်က သားဖွားဆရာမအဖြစ် စေတနာ့ဝန်ထမ်းလုပ်ဆောင်ခဲ့ဖူးသူပါ။ ကျေးလက်တောရွာတွေမှာ ဆေးကုသပေးဖို့ သူမမှာ လိုအပ်တဲ့ ဆေးဝါးတွေ အထောက်အပံ့ မရတာကြောင့် သူမ ဝါသနာပါတဲ့ အလုပ်ကို စွန့်လွတ်လိုက်ရတယ်လို့ ပြောပါတယ်။

“ကျမက ဘာကြောင့်ဆက်မလုပ်လဲဆိုတော့ ကျမတို့ကို ဆေးတွေ မထောက်ပံ့ပေးဘူးရှင့်။ ဆေးတွေဆို ကိုယ်တိုင်ဝယ်ရတယ်။ ကိုယ်တတ်ထားတဲ့ ပညာနဲ့ပဲ ဆေးတွေ ဝယ်ပြီး ရွာထဲမှာ သွားပြီးတော့မှ ထိုးပေးတယ်။ ဆေးတွေ မဝယ်တဲ့ခါကျတော့ ကျမတို့လည်း ဆက်မလုပ်နိုင်တော့ဘူး။ ကလေးတွေဆိုရင်လည်း သူတို့က ဆေးတွေကလည်း တစ်ဖက်၊ ဆေးတွေပဲ ဝယ်ထိုးရတယ်ဆိုတော့ သိပ်ပြီးတော့ အဆင်မပြေဘူး။ ပြီးတော့ ထိုးပေးပြီး ပိုက်ဆံ မပေးနိုင်တဲ့သူတွေ ရှိတယ်။ အဲ့ကြောင့် ကျမတို့မှာလည်း တောင်းလို့မရဘူးလေ။ စေတနာ့ဝန်ထမ်းကို အလုပ်လုပ်နေတော့ ဆေးတွေ ထုတ်မယ့် အရင်းနှီး မရှိတဲ့ခါကျတော့ ကျမမှာ အမျိုးသားလည်း မရှိတော့ ကျမ ရပ်နားလိုက်ရတယ်ပေါ့နော။”

လက်ရှိ သူမ နေထိုင်တဲ့ စစ်ရှောင်စခန်းမှာ သူမ တတ်မြောက်ထားတဲ့ ပညာနဲ့ စစ်ဘေးရှောင်နေရတဲ့ သူတွေကို ပြန်ပြီး ကူညီချင်ပေမယ့် အသုံးလိုအပ်တဲ့ ပစ္စည်းတွေ မရှိတာကြောင့် အခက်တွေ့တယ်လို့ ပြောပါတယ်။

ဒေါ်မိုနန်းလိုပဲ အသက် ၃၄ နှစ်အရွယ် မုဆိုးမ ဒေါ်စိုးမယ်ဟာလည်း ငယ်စဉ်ကတည်းက စစ်ဘေးရှောင်ခဲ့ရပြီး အခုလို အိုး၊ အိမ် စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ရတာဟာ ဒီတစ်ကြိမ်ပါ လေးကြိမ်တိုင်တိုင် ရှိလာပါပြီ။ လက်ရှိမှာ သားနှစ်ယောက်နဲ့အတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ ထိန်းချုပ်နယ်မြေထဲက စစ်ဘေးရှောင်စခန်းတစ်ခုမှာ လာရောက်ခိုလှုံနေပါတယ်။

သူမအနေနဲ့လည်း လူ့အခွင့်အရေးဆို မသိရလောက်တဲ့အထိ ဆုံးရှုံးဖူးသူဖြစ်တဲ့အတွက် အခွင့်အရေးနဲ့ပတ်သက်ရင် မယ်မယ်ရရ မရရှိခဲ့ဖူးဘူးလို့ ပြောပါတယ်။

“ကျမ တခါမှ လုံလုံလောက်လောက်မရခဲ့ဘူး။ ရလည်းမရနိုင်ဘူး။ ဒါက ကျမတစ်ယောက်တည်း ခံစားရတာပဲ ရှိသေးတယ်။ နောက်ထပ်ကိုယ့်ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေလည်း ရစရာမရှိတော့ဘူး။ တစ်ခုလာလည်း ဆုံးရှုံးတယ်။ နှစ်ခုလာလည်း ဆုံးရှုံးတယ်။ ကျမတို့ အသက်မပြည့်သေးတုန်းကဆိုလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို ဆန်တွေ သွားပို့ပေးရတာတို့။ မသွားသင့်ပေမယ့်လည်း သွားနေရတယ်ပေါ့နော။ ကျမက အခွင့်အရေးနဲ့ ပတ်သက်လာရင် ဘာမှ မယ်မယ်ရရ မရခဲ့ဘူးလေနော။”

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့အတောအတွင်း စစ်ကောင်စီတပ်က ဒေသခံနေအိမ်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာ၊ နေအိမ်ကိုဖောက်ထွင်း ဖျက်ဆီးတာ ပြုလုပ်ခဲ့ပြီး ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့မှတ်တမ်းအရ မေလ ၂၁ရက်နေ့မှ ဒီဇင်ဘာလ ၂၀ရက်နေ့အထိ လူနေအိမ်စုစုပေါင်း (၆၅၁)လုံး၊ ဘာသာရေးအအောက်အအုံ ၆ လုံး၊ ကျေးလက်ဆေးပေးခန်း ၁လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်ဦးရေ တစ်သိန်းခွဲအထိရှိနေပြီး တိုက်ပွဲကလည်း ပြည်နယ်အတွင်းမှာ မကြာခဏဖြစ်ပွားနေတဲ့အတွက် သူတို့အနေနဲ့ အိမ်ကိုပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းပြီး နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကြောင့် ကရင်နီပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှ မြောက်များစွာသော လူထုတွေ အိုး၊ အိမ်တွေကို စွန့်ခွာလျှက် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာ ကရင်နီလူထုရဲ့ လူဦးရေ ထက်ဝက်ခန့်ဟာ စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် ပိုမိုဆိုးရွားတဲ့ အခြေအနေကို နေ့စဉ်ရင်ဆိုင်ဖြတ်သန်းနေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ဆိုပါတယ်။

“ အချက် ၃၀ ရှိတယ်ပေါ့နော။ ၁ နဲ့ ၂ က အခြေခံအချက်ပေါ့လေ။ ကျန်တဲ့ ၂၈၊ ၂၉၊ ၃၀ ကတော့ တာဝန်၊ ဝတ္တရားတွေပေါ့နော။ ဒါပေမယ့် ကျန်တဲ့ တကယ့် အာတီကယ်လ် အပိုင်း ၂၅ ခုလုံးကိုတော့ ကျနော်တို့ ကရင်နီပြည်နယ်အနေနဲ့ တစ်ပိုဒ်မှ မခံစားရဘူးလို့တော့ ကျနော် အလွယ်ကူဆုံးတော့ ပြောပါရစေ။ လွတ်လပ်စွာ သွားလာပိုင်ခွင့် မပြောနဲ့။ ကျနော်တို့ အိမ်ထဲကနေ အိမ်ပြင်ထွက်တာတောင် စိုးရိမ်နေရတယ်။ ကျနော်တို့ ကရင်နီပြည်အခြေအနေက။ အဲ့တော့ လူတစ်ယောက်အတွက် အလွယ်ကူဆုံး ရတဲ့ အခြေခံ အခွင့်အရေးတောင်မှ ဆုံးရှုံးနေပြီဆိုရင် ကျန်တဲ့အချက်တွေကို ကျနော်တို့ ပြောစရာတောင် မလိုတော့ဘူး။” လို့ ဦးဗညားက လက်ရှိ ကရင်နီလူထုတွေ လက်ဝယ်ထွေးပိုက်ထားရတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောသွားတာပါ။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ လက်မှတ်ရေးထိုးထားခဲ့တာပါ။ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူသားတစ်ဦးစီတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးဟာ အချက် ၃၀ ပါဝင်ပါတယ်။

အဖက်အဖက်က လူ့အခွင့်အရေးဆုံးရှုံးနေတဲ့ ဒေသခံလူထုတွေ အထူးသဖြင့် ကျေးလက်တောရွာက ဒေသခံတွေရဲ့ ပျောက်ဆုံးသွားတဲ့ အိမ်မက်၊ ပန်းတိုင်၊ ရည်မှန်းချက်တွေ အပါအဝင် ပိုင်ဆိုင်ထားတဲ့ တစ်နိုင်တစ်ပိုင် အိုး၊ အိမ် တွေကိုလည်း ပြန်လည်တည်ဆောက်နိုင်ဖို့ဆိုတာ ဝေးလှပါသေးတယ်။

spot_img
spot_img

Recent posts