spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေကြောင်းတိုက်ခိုက်ခံထားရတဲ့ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ပြန်လည်မဖွင့်လှစ်နိုင်သေး၊ ကလေးအများစု ဖျားနာနေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၂၂၊ ၂၃ နဲ့ ၂၄ ရက်နေ့မှာ သုံးရက်ဆက်တိုက် ကျေးရွာသုံးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးကြဲခံရတဲ့ ကျေးရွာအပါအဝင် အနီးအနားက ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေအားလုံးဟာ အခုချိန်ထိ ပြန်လည်မဖွင့်လှစ်နိုင်သေးဘူးလို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

စာသင်ကျောင်း ၇ ကျောင်းကို ပိတ်ထားခဲ့ရတာဖြစ်ပြီး KG ကနေ အထက်တန်းအထိ ကျောင်းသားဦးရေ တစ်ထောင်ဝန်းကျင်ရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ဗုံးကြဲခံရတဲ့ ကျေးရွာနဲ့အနီးနားက ကျေးရွာကကျောင်းတွေ အားလုံးပိတ်ထားပါတယ်။ ၇ ကျောင်း လောက် ဖြစ်မယ်ထင်တယ်။ လုံခြုံရေးက အဓိကဖြစ်နေပြီး ကျန်းမာရေးရော ကလေးပညာရေးပါ ထိခိုက်နေပါတယ်။” လို့ အဆိုပါ စေတနာ့ဝန်ထမ်းက ပြောပါတယ်။

လက်ရှိမှာတော့ ဗုံးကြဲခံထားရတဲ့ ကျေးရွာတွေက ဒေသခံတွေအပြင် အနီးအနားကျေးရွာမှာ နေထိုင်ကြတဲ့ ဒေသခံတွေနဲ့ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေအများစုဟာ ရွာထဲမှာ မအိပ်ရဲကြတော့တဲ့အတွက် တောတောင်ထဲ သွားအိပ်ကြပြီး မိုးကာလဖြစ်တာကြောင့် အအေးမိပြီး ဖျားနာတာတွေ အဖြစ်များကြသလို တချို့ကတော့ ရွာထဲမှာအိပ်ပြီး ဗုံးခိုကျင်းထဲ ဝင်အိပ်ကြတာဖြစ်တဲ့အတွက်လည်း ဖျားနာတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဖျားနာသူတွေထဲမှာ အများစုဟာ ကလေးတွေ ဖြစ်ကြပြီး မိမိတို့နေအိမ်မှာပဲ ရှိထားတဲ့ ဆေးတွေနဲ့ပဲ ကုသနေကြတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တွေ တဲဆောက်လုပ်နိုင်ဖို့ မိုးကာနဲ့ ဆေးဝါးတွေ အထူးလိုအပ်နေတယ်လို့ ကူညီစောင့်ရှောက်ပေးနေတဲ့ စေတနာ့ဝန်ထမ်းဆီကနေ သိရပါတယ်။

“အအေးမိပြီး ဖျားကြတာများတယ်။ မိုးရာသီ မိုးကာမလုံလောက်တာကြောင့် အဓိက ပါပါတယ်။ အဓိကလိုနေတာက မိုးကာရယ် ဆေးဝါးရယ်။ ဖျားနေတဲ့သူတွေကတော့ လောလောဆယ် ကိုယ့်အိမ်မှာပဲ ရှိတဲ့ဆေးတွေပဲ သောက်နေကြရတယ် အများစုက ကလေးတွေ ဖျားကြတယ်။ ဆေးဆရာမတွေတော့ရှိတယ် တချို့ရွာတွေက လေယဥ်ကြောက်လို့ ညအချိန် မိုးထဲလေထဲ ရှောင်နေရင်းနဲ့ ရွာလုံးကျွတ်နီးပါး ဖျားနေကြတယ်။” လို့ အဆိုပါ စေတနာ့ဝန်ထမ်းက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာတော့ ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး စာသင်ကျောင်းဆောင်နဲ့ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သလို တိရိစ္ဆာန်သေဆုံးမှုလည်း ရှိခဲ့ပါတယ်။

ကရင်နီပြည်မှာ စစ်ကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ဒေသခံ နှစ်သိန်းခွဲအထိ ရှိနေဆဲဖြစ်ပြီး ဖရူဆိုမြို့နယ်မှာတော့ ခြောက်ထောင်ကျော် ရှိနေတယ်လို့ သိရှိရပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာ လေယာဥ်နဲ့ ဗုံးကြဲခံရပြီး ပျက်စီးသွားသော အဆောက်အဦးများ။
spot_img
spot_img

Recent posts