spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေကြောင်းတိုက်ခိုက်မှု မကြာခဏ ခံနေရတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်တွေမှာ အမိုးအကာနဲ့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခံနေရပြီး ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

” ကျမတို့တောထဲမှာပဲ သွားနေတယ်။ ကိုယ့်ဟာကိုယ် တဲလေးသွားထိုးပြီးတော့ နေကြတယ်။ ဒါပေမယ့် မိုးကာတွေ မလုံလောက်တာတွေ ဖြစ်နေတယ်ပေါ့နော်။ ဆင်ပြေသလိုတော့ နေနေရပါတယ်။ အဓိကတော့ ဒီလေကြောင်း အန္တရယ် ကာကွယ်နိုင်ဖို့အတွက်ပဲပေါ့နော်။ အဲ့လိုမျိုးပဲ ကျမတို့ တောထဲမှာ သွားအိပ်တယ်။ နှစ်အိမ်သုံးအိမ်ပဲ ဖြစ်ဖြစ် မိုးကာတွေက မလောက်ဘူးလေ။ အဲ့ကြောင့်တဲထိုးပြီး စုပေါင်းပြီးနေကြတာတော့ ရှိတယ်”လို့ စစ်ရှောင်စခန်းတစ်ခုမှ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

အခုလိုမျိုး စစ်ရှောင်စခန်းကနေ တစ်ဆင့် ထပ်မံတိမ်းရှောင်နေရတာတွေကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုမိုအခက်အခဲဖြစ်စေတယ်လို့ စစ်ရှောင်စခန်းတစ်ခုမှ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

စစ်ဘေးဒဏ်ကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ ကျန်းမာရေးရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေ ပိုမိုရှိလာနိုင်တဲ့အပြင်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စာသင်ကျောင်းတွေ အကုန်လုံးပိတ်ထားရပြီး အခုချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။ အခုလို ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို နိုင်ငံတကာက အကူအညီပေးဖို့ တောင်းဆိုချင်တယ်လို့ စစ်ရှောင်တစ်ဦးက အခုလိုပြောပါတယ်။

“ကျနော့်အနေနဲ့တော့ လေယာဥ်မလာဖို့၊ ပြည်သူတွေကို မသတ်ဖို့ တခြားနိုင်ငံတွေက ကူညီပေးပါလို့ စစ်ရှောင်တစ်ယောက်အနေနဲ့ တောင်းဆိုချင်တယ်” လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေကို ဇွန်လလယ်က စပြီး အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်လာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ တုန်းက ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ရီခီးဘူးစစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ရှိခဲ့ပြီး စစ်ရှောင်တစ်ဦး သေဆုံးတာ ရှိခဲ့ဖူးပါတယ်။

၂၀၂၃ မှာတော့ ပထမဆုံးအကြိမ် ဇွန်လ ၂၂ ရက်နေ့ မနက်ကစပြီး ဇွန်လ ၂၄ ရက်နေ့အထိ (၃)ရက်ဆက်တိုက် အကြောင်းမဲ့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦးသေဆုံးကာ စာသင်ကျောင်းဆောင်နဲ့ နေအိမ် (၁၀)လုံးထက်မနည်း ပျက်စီးခဲ့သလို တိရစ္ဆာန်သေဆုံးမှုလည်း ရှိနေပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စစ်ဘက်သုံးကင်းထောက်ဒရုန်းတွေ၊ အချိန်မတော်လေကြောင်းနဲ့ လာရောက်ခြိမ်းခြောက်တာတွေ ညတိုင်းပြုလုပ်နေပြီး ဇူလှိုင်လ (၇) ရက်နေ့မှာတော့ ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ ဗုံးထပ်မံကြဲကာ လူနေအိမ်တစ်လုံးလည်း မီးလောင်ပြာကျခဲ့ရပါတယ်။

စစ်ရှောင်နေတဲ့ အသက် ၆၅ နှစ်အရွယ် ဦးပေသရူပေါအီကတော့ လေယာဥ်လာရင် တစ်ခါတလေ မိသားစု မစုံလင်လည်း ပြေးစရာရှိတာ တကွဲတပြားနဲ့ပဲ ပြေးရတယ်လို့ ပြောပါတယ်။

“အခု အစိုးရိမ်ဆုံး အဓိက လေယာဥ်က ညတိုင်း အမြဲတမ်းပြန်သန်းတဲ့အချိန်ပဲ။ လူတွေက ဖရိုဖရဲပေါ့။ ဟိုပြေးဒီပြေး။ တစ်ခါတလေ မိသားစု မစုမိဘဲနဲ့လည်း ပြေးစရာရှိတာ ပြေးရတာပဲ” လို့ အသက် ၆၅ နှစ်အရွယ် ဦးပေသရူပေါအီကပြောပါတယ်။

မနက်တိုင်း ညတိုင်းပုံမှန် လေယာဥ် လာနေတာကြောင့် လက်ရှိ စစ်ရှောင်စခန်းမှာ မအိပ်ရဲတော့ဘဲ ညအချိန်မှာ ဆိုရင် ထပ်မံတိမ်းရှောင်ရတယ်လို့ သူက ဆက်ပြောပါတယ်။

“အစကတော သိပ်မစိုးရိမ်ဘူး ဆိုပေမယ့်။ ည (၁၂)နာရီ ညနက်တဲ့အချိန်လာတယ်။ (၃)နာရီ လာတဲ့အချိန်လာတယ်။ (၄) နာရီခွဲ လာတဲ့အချိန်လာတယ်။ လူကျတော ပုံမှန် တဲမှာ မအိပ်ရဲတော့ဘူး။ အကုန်လုံးရှောင်တယ်။ ဟိုးတစ်နေရာ တဲသွားထိုးပြီးတော့ တစ်နေရာ သီးသန့်ထပ်ရှောင်တာပေါ့” လို့ သူက ဆက်ပြောပါတယ်။

ဖရူဆို အနောက်ဘက်ခြမ်းမှာ စစ်ရှောင် စခန်းအုပ်စု (၈) စုရှိပြီး စစ်ရှောင် လူဦးရေ ခြောက်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts