spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်ရန် No Fly Zone သတ်မှတ်ဖို့ အပါအဝင် အချက်လေးချက်ကို NUG နဲ့ IEC ပူးတွဲတောင်းဆို

ကန္တာရဝတီတိုင်း(မ်)

လူထုရှိရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်ရန် လေယာဉ်မပျံသန်းရဇုန် (No Fly Zone )ကို သတ်မှတ်ပေးဖို့ အပါအဝင် အချက်လေးချက်ကို ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) တို့ ပူးတွဲတောင်းဆိုလိုက်ပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက စာသင်ကျောင်းနှစ်ကျောင်း လေကြောင်းနဲ့ တိုက်ခိုက်ခံရမှုအခြေအနေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းမှာ အွန်လိုင်းကနေ ပြုလုပ်သွားတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

“အပြစ်မဲ့ပြည်သူတွေ နေတဲ့နေရာကို No Fly Zoneအဖြစ် သတ်မှတ်ပေးဖို့၊ တစ်နိုင်ငံတင်မကဘဲ နိုင်ငံတကာ တင်ပို့တဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားပြီး လေယာဥ်နဲ့ လိုက်ကြဲနေတဲ့ စစ်ကောင်စီတွေအတွက် လေယာဥ်ဆီ တင်သွင်းတဲ့ လမ်းကြောင်းတွေ ပိတ်ဆို့ပေးဖို့၊ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို လုပ်တဲ့ စစ်ကောင်စီတပ်သားတွေကို နိုင်ငံတကာ တရားရုံးမှာ တရားစွဲပေးဖို့ နဲ့ ပြည်သူလုံခြုံရေးအတွက် ပြည်သူ့ဆီ သတင်းအချက်အလက် ပို့နိုင်မယ့် ဆက်သွယ်ရေးလိုင်းတွေ ဖန်တီးပေးနိုင်ဖို့ ကုလသမဂ္ဂ အပါအဝင် အိမ်နီးနားချင်း နိုင်ငံတွေက ပူးပေါင်းလုပ်ဆောင်ပေးဖို့ “လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

လူထုတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အိမ်နီးချင်းနိုင်ငံတွေကနေ ပြင်ဆင်နေတာရှိပေမဲ့ အချိန်မရွေးတိုက်ခိုက်မှုကြုံတွေလာနိုင်တာကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့နေရာတွေကို စစ်ကောင်စီရဲ့လေယာဉ်တွေလာရောက် ပျံသန်းမှုမရှိအောင် လုပ်ဆောင်ဖို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတဲ့အကြောင်းလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းက ပေါင် ၅၀၀ ပြင်းအားရှိဗုံးနဲ့ ဒီးမော့ဆိုမြို့နယ်က ဒေါဆီးအီ အလယ်တန်းစာသင်ကျောင်းကို တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသား လေးဦး ပွဲချင်းပြီးသေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရတဲ့သူ ၃၀ဝန်းကျင်ရှိခဲ့ပါတယ်။ အလားတူ တစ်ချိန်ထဲမှာပဲ လွိုင်နန်းဖ အထက်တန်းစာသင်ကျောင်းကိုလည်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သလို အရပ်သား ငါးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုမြောက်သလို ထိခိုက်မှုနည်းနိုင်ဖို့အတွက်လည်း လူထုရှိရာအရပ်တွေကို လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ကို မကြာခဏတောင်းဆိုနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)အတွင်းရေးမှူး-၂ ဦးဗညားက ပြောပါတယ်။

“ဒီလုပ်ရပ်တွေက စစ်ရာဇဝတ်မှုမြောက်တယ် ဒီကျူးလွန်မှုကို ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်ဖို့အတွက် လူထုတွေရဲ့အသက်အန္တာရာယ်၊ အသေအပျောက်ကို ကာကွယ်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ အမြဲတမ်းတောင်းဆိုနေတဲ့အထဲမှာ No Fly Zone တည်ထောင်ဖို့အတွက်လည်း တောင်းဆိုရခြင်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုကို ကာကွယ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ခြင်းလည်းဖြစ်ပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က ဗုံးကြဲမှုဖြစ်စဥ်မှာ စစ်ကောင်စီဖက်က လေယာဥ်နဲ့ အကြိမ်ပေါင်း ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာရှိသလို လက်နက်ကြီး ပစ်ခတ်မှုလည်း အနည်းဆုံး ၆ ကြိမ် ရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးဗညားက ပြောဆိုသွားပါတယ်။

အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းပေါင်း ၅၀ ကျော် နဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဖျက်ဆီးမှု နဲ့တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းပေါင်း ၁၉၀ကျော်ရှိတယ်လို့ NUG ရဲ့ စာရင်းအရ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အသက် ၁၈နှစ်အောက် ကလေး ၆၃၀ ဦးရှိတယ်လို့ သိရပါတယ်။

spot_img
spot_img