spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေကြောင်းတိုက်ခိုက်မှုကြောင့် ပိတ်ထားလိုက်ရတဲ့ စာသင်ကျောင်းများ ပြန်မဖွင့်နိုင်သေး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စာသင်ကျောင်းနှစ်ကျောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စာသင်ကျောင်းပေါင်း (၁၀၀) နီးပါးကို ပိတ်ထားလိုက်ရပြီး လက်ရှိအချိန်ထိ ပြန်မဖွင့်လှစ်နိုင်သေးဘူးလို့ ကျောင်းဆရာ၊ ဆရာမတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကင်းထောက်ရဟတ်ယာဉ်တွေလည်း မကြာခဏ ပျံဝဲနေတာကြောင့် လုံခြုံရေးအရ စာသင်ကျောင်းကို ယာယီ ပိတ်ထားလိုက်ရတာဖြစ်တယ်လို့ စစ်ရှောင်စခန်းမှာ စာသင်ကြားပေးနေတဲ့ ဆရာမ ဒေါ်မေရီက ပြောပါတယ်။

” အဓိကကတော့ လေယာဉ်တွေဝဲတာ လက်နက်ကြီးတွေပေါ့နော် အဲ့ဒါတွေကိုကြောက်လို့။ ပြီးတော့ ကလေးတွေရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်ရတာဖြစ်တဲ့အတွက်ကြောင့် ကျမတို့ကျောင်းပိတ်ထားရခြင်းဖြစ်တယ်ပေါ့” လို့ ဆရာမ ဒေါ်မေရီက အခုလိုပြောပါတယ်။

ကျောင်းနေအရွယ်ကလေးတွေဟာ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ဆုံးရှုံးနေပြီး လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ ပညာရေးကို နှောင့်နှေးစေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါဆီးအီ အလယ်တန်းကျောင်းက ကျောင်းသား ၄ ဦးသေဆုံးခဲ့ရပြီး စာသင်ကျောင်းဆောင်လည်း ပျက်စီးသွားခဲ့ရပါတယ်။ အလားတူ တစ်ရက်တည်းမှာပဲ လွိုင်နန်းဖအထက်တန်းကျောင်းကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အခုလို စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အပေါ် ဒီးမော့ဆိုမြို့နယ် အခြေခံပညာဆရာများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ဒါက နိုင်ငံတကာ ရာဇဝတ်မှုမြောက်တာပဲပေါ့။ Genocide(လူမျိုးတုံးသတ်ဖြတ်မှု) လုပ်တယ် ။ အဲ့လိုပဲ ကျနော်သုံးသပ်မိတယ်။ ဒါကပညာမဲ့တဲ့လုပ်ရပ်တွေ။ ကလေးငယ်တွေကို ဒီအခွင့်အရေးပိုင်းဆိုင်ရာတွေကော သူတို့ရဲ့ပညာသင်ခွင့်၊ အခွင့်အလမ်းတွေအကုန်လုံးကို ဆုံးရှုံးအောင်လုပ်တဲ့အတွက် ဒါတော့ ကျနော့်အနေနဲ့က အများကြီးရှုတ်ချတယ်။နိုင်ငံတကာအနေနဲ့ကော သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေ အကုန်လုံးလဲ ဒီလုပ်ရပ်ပေါ်မှာလဲ ရှုတ်ချပေးဖို့ ကျနော့်အနေနဲ့လဲ ပြောချင်တယ်ပေါ့” လို့ အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းပေါင်း (၁၀၀)ဝန်းကျင်ရှိနေပြီး ကျောင်းသားဦးရေ နှစ်သောင်းကျော်ရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် အခြေခံပညာဆရာများသမဂ္ဂ စာရင်းအရ သိရပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့လေယာဉ်ပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းက စာသင်ကျောင်း (၁၀) ကျောင်းထက်မနည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

spot_img
spot_img