ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖားဆောင်းမြို့အတွင်း တိုက်ပွဲဖြစ်ပွားနေပြီး မြို့တွင်းရပ်ကွက်မှာရှိတဲ့ ကွက်သစ်ဘုန်းကြီးကျောင်းကို ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့၊ နေ့လည်ပိုင်းအချိန်မှာ စစ်ကောင်စီက ပေါင် ၅၀၀ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရသူရှိခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး -၂ ဦးဗညားက ပြောပါတယ်။
အဆိုပါ ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေတဲ့ ဒေသခံ (၃၀) ကျော်ရှိပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးမှုတချို့ရှိတယ်လို့ ကြားသိရပေမဲ့ ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် အတိအကျမသိရှိရသေးဘူးလို့ ဆိုပါတယ်။
“အကြမ်းအားဖြင့်တော့ သိတော့သိတယ်။ ဒါမဲ့ မသေချာဘူးလေနော်။ တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးတဲ့အသံတော့ ကြားတယ်။ ထိခိုက်ဒဏ်ရာရသူများတော့ အဲ့ဒီထဲကနေ တချို့ ဆုံးတာလားတော့ မသိဘူးပေါ့နော်။ ၄၊ ၅ ယောက်တော့ ဆုံးတယ်ဆိုတဲ့ အသံတော့ ကြားတာပေါ့။”လို့ ဦးဗညားက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများတယ်လို့ ဖားဆောင်းဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။
“ဒီဘုန်းကြီးကျောင်းတော့ ဒေသခံ ၃၀ လောက်တော့ ကျန်အုံးမယ်လို့ ထင်တယ်လေးနော်။ အဲ့မှာ လူတော်တော်များများပြောတယ်။ လူ ၃၀လောက်ရှိမယ်။ ထိခိုက်မှု အခြေအနေကတော့ ဒဏ်ရာရတယ်။ ဒေသခံတွေ ဒဏ်ရာရတယ်လို့ပဲ ဆက်သွယ်ရတယ်ပေါ့နော်။ ဒီ သေတာတော့ အတိအကျ မသိရသေးဘူး။ ဒဏ်ရာတော့ ရတယ် သေချာတယ်” လို့ သူက ပြောပါတယ်။
မတ်လ ၃ ရက်နေ့ တစ်ရက်တည်းမှာပဲ ဘုန်းကြီးကျောင်းအပါအဝင် ဆေးရုံဝန်း၊ ဝန်ထမ်းအိမ်ယာ အနီးအနားတွေကိုလည်း စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့သလို လက်နက်ကြီးပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့တာကြောင့် ပျက်စီးမှုများပြားခဲ့တယ်လို့ သိရပါတယ်။
“ လက်နက်ကြီးကော အလုံးကြီး ပေါင် ၅၀၀ လာချသွားတာ။ ဆေးရုံရဲ့ ဝန်ထမ်းအိပ်ယာ ဝန်ထမ်းတွေ နေတဲ့ အဆောင်ပေါ့နော်။ ဝန်ထမ်းအိပ်ယာ လေးထပ်အဆောင်ကတော့ ရစရာမရှိတော့ဘူး” လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
ဒေသခံထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှု စာရင်းကို အတိအကျ သိနိုင်ဖို့အတွက် ကန္တာရဝတီတိုင်း(မ်)က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ဖားဆောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသလို အရေးပေါ်စားနပ်ရိက္ခာ နဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။