spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျောက်စုကျေးရွာက စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေရပြီး မိုးကာနဲ့ ရိက္ခာ လိုအပ်ချက်ရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၁)ရက် ညသန်းခေါင်ချိန် မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေကြရပါတယ်။

ကျောက်စုဖက်မှာဆိုရင် စစ်ရှောင် ၂ထောင်ကျော်ရှိနိုင်ပြီး တချို့စစ်ရှောင်တွေဟာ ထိုင်း-ကရင်နီ နယ်စပ်ဖက်ကို ရွေ့ပြောင်းတာရှိပေမယ့် တချို့ကတော့ နီးစပ်ရာတောထောင်ထဲကို ထပ်မံပြောင်းရွေ့နေကြရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဦးဖိုးဇော်က ဆိုပါတယ်။

“ အကုန်နီးပါးတော့ မရွေ့ကြပါဘူး။ အဲဖက်ပတ်ချာလည်က တောတောင်ထူထပ်တယ်လေ။ ပိုပြီးတော့ ဝေးဝေး လေယာဉ်မလာနိုင်တဲ့နေရာပေါ့။ အဓိက သူတို့ကြောက်တာက လေယာဉ်လေ။ လေယာဉ်လာပြီးတော့ မပစ်နိုင်တဲ့နေရာကို ပိုပြီးတော့ ရွေ့ပြောင်းကြတာများပါတယ်။ စစ်ရှောင် ၁၉၀၀၊ ၂၀၀၀ ပတ်ချာလည်ရှိတယ်။ ထပ်ရောက်လာတဲ့သူရှိတယ်။ နယ်စပ်ဖက် ထပ်သွားတဲ့သူရှိတယ်။ ကျောက်စုမှာတော့ စစ်ရှောင်တွေ အများကြီးရှိနေတုန်းပဲ။ အဲကြောင့် စစ်ကောင်စီက နေ့တိုင်းဗုံးတွေ ကြဲနေတာ။“ လို့ ဦးဖိုးဇော်ကပြောပါတယ်။

စစ်ရှောင်တွေဟာနေ့စဉ်နဲ့အမျှ တိုးလာတာရှိသလို တခြားနေရာကို ထပ်ဆင့်ပြောင်းရွေ့ရတာလည်း ရှိနေတဲ့အတွက် စာရင်းအတိကျကိုတော့ လိုက်လံကောက်ယူဖို့ ခက်ခဲတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေဟာ လက်ရှိမှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ မိုးကာ၊ ခြင်ထောင်၊ ဆေးဝါးတွေအပြင် စားနပ်ရိက္ခာလိုအပ်ချက်လည်းရှိနေတယ်လို့ ဦးဖိုးဇော်က ဆက်ပြောပါတယ်။

“ စစ်ရှောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ နောက်သုံးရက်ဆိုရင် စစ်ရှောင်တွေအကုန်လုံး ရိက္ခာပြတ်ပြီ။ စားစရာတောင်မရှိတော့ဘူး။ ဘာကြောင့်လဲဆို ဖြတ်လေးဖြတ်နဲ့ ဖြတ်ထားတဲ့ အပြင်ကို ဈေးနှုန်းလည်း အင်မတန်ကြီးတယ်။ မိုးကာ လတ်တလော အရေးပေါ်လိုအပ်တယ်။ ဆေးဝါးလိုအပ်တယ်။ ဆန်၊ ဆီ၊ဆား ရိက္ခာတော့ နောက်သုံးရက်ဆို ပြတ်ပါပြီ အဲ့ဖက်မှာရှိတဲ့ စစ်ရှောင်တွေ အကုန်လုံးက။“ လို့ ဦးဖိုးဇော်ကပြောပါတယ်။

အဆိုပါဒေသဘက်ကို ရိက္ခာတွေ သယ်ယူဖို့ လမ်းကြောင်းအင်မတန်ခက်ခဲသလို အလှူရှင်တွေလည်း ရောက်ရှိမှု မရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာဆိုရင် အဲဖက် ဓါတ်ဆီတစ်လီတာ ၈၀၀၀ကျပ်အထိ ဈေးရှိနေပြီဖြစ်ပါတယ်။

ဖားဆောင်းမြို့အနီးတစ်ဝိုက်၊ မယ်စဲ့တွေမှာဆိုရင် ဇွန်လလယ်လောက်ကတည်းက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုတွေရှိသလို ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေတာဖြစ်ပါတယ်။ စစ်ရှောင်တွေဟာ နေရပ်ပြန်လို့ မရသေးသလို စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်(၁၁)ရက်နေ့ ကျောက်စုကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုမှာဆိုရင် (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ဘာသာရေးအဆောက်အဦးနဲ့ လူနေအိမ် ၆လုံးထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

spot_img
spot_img

Recent posts