spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေကြောင်းရန်ကို တန်ပြန်တိုက်ဖို့ “မိုးဗြဲ PDF အတွက် ပွိုင့်ဖိုက် တစ်လက်” ကမ်ပိန်း ၇ ရာခိုင်နှုန်းသာ ရရှိသေး၊ ပံ့ပိုးကူညီကြဖို့ ဖိတ်ခေါ်

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလ ၅ ရက်နေ့ကနေ စတင်ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို တန်ပြန်တိုက်ခိုက်ဖို့ “ မိုးဗြဲ PDF အတွက် ပွိုင့်ဖိုက် တစ်လက်” ကမ်ပိန်းဟာ ရက် (၂၀) အတွင်း ၇.၅ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ ကမ်ပိန်းဒုတာဝန်ခံဖြစ်တဲ့ ခွန်းဟန်ရီက ပြောပါတယ်။

မိုးဗြဲ PDF တပ်ရင်း (၁၀၀၁) နဲ့ မိုးဗြဲ PDF တပ်ရင်း ( ၁၀၀၇) တို့ ပူးပေါင်းပြုလုပ်ထားတဲ့ “မိုးဗြဲ PDF အတွက် ပွိုင့်ဖိုက် တစ်လက်” ကမ်ပိန်းကို စက်တင်ဘာလ ၅ ရက်နေ့ကနေ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ရက်ပေါင်း ၄၅ ကြာ ပြုလုပ်နေတာဖြစ်ပါတယ်။

“မိုးဗြဲက ကရင်နီပြည်ရဲ့ အရေးကြီးဆုံး ဂိတ်တံခါးလည်းဖြစ်တယ်ပေါ့နော။ အကယ်၍ မိုးဗြဲကနေ ပေါက်သွားမယ်ဆိုရင် စစ်ကောင်စီကို မဟန့်တားနိုင်ဘူးဆိုရင် ကရင်နီပြည်ထဲကို အချိန်မရွေးရောက်နိုင်တယ်ဆိုတဲ့ တံခါးပိတ်တခုလိုမျိုး ဖြစ်နေတယ်ပေါ့နော။ အဲ့ဒါကြောင့် ပွိုင့်ဖိုက်ကမ်ပိန်းကို ခေါ်ရခြင်းဖြစ်တယ်ပေါ့။ ပွိုင့်ဖိုက်ရရင်တော့ မြေပြင်သာမက ဝေဟင်မှာပါ အများကြီးအကျိုးသက်ရောက်မှုရှိတယ်။ ဟန့်တားနိုင်တယ်ပေါ့နော။ ရဟတ်ယာဉ်ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားမျိုး ရှိတာပေါ့။”လို့ ကမ်ပိန်းဒုတာဝန်ခံဖြစ်တဲ့ ခွန်းဟန်ရီက ပြောပါတယ်။

မိုးဗြဲမြို့ဟာ စစ်ရေးအရ နဲ့ ကုန်သွယ်ရေးအရပါ အရေးကြီးတဲ့ နေရာဖြစ်ပြီး စစ်ကောင်စီက ကရင်နီပြည်အတွင်းကို ဝင်ရောက်နိုင်ဖို့အတွက် လက်ရှိမှာ မိုးဗြဲမြို့ရဲ့ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ အခြေချတပ်စွဲထားတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားတိုင်း စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကို အဆမတန်အသုံးပြုနေတာဖြစ်ပြီး လေယာဉ်ပစ်တာကို ပြန်ခုခံနိုင်ဖို့ ပွိုင့်ဖိုက် ဟာအရေးကြီးတဲ့ လက်နက်တစ်ခုဖြစ်တာကြောင့် ကမ်ပိန်းကို ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

မိုးဗြဲမြို့နယ်အတွင်း ပြင်းထန်တဲ့တိုက်ပွဲ ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး လေယာဉ်နဲ့ ပစ်ခတ်မှုအကြိမ်ရေဟာ (၁၈၀) ဝန်းကျင်ရှိနိုင်တယ်လို့ ကမ်ပိန်းဒုတာဝန်ခံက ပြောဆိုထားပါတယ်။

လက်ရှိ ကမ်ပိန်းမှာ ရရှိထားတဲ့ ပမာဏာဟာ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက် များစွာ အားနည်းနေသေးတာကြောင့် တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးကြဖို့ ရုပ်ရှင်နဲ့ ဒါရိုက်တာ ကိုပေါက်ကလည်း ပြောဆိုထားတာရှိပါတယ်။

“ တော်လှန်ရေးကို မြန်မြန်ပြီးချင်ပါတယ် မြန်မြန်နိုင်ချင်ပါတယ်။တော်လှန်ရေးကို အဓွန့်မရှည်ချင်ပါဘူး။ ဒီတော်လှန်ရေးဆိုတာကလည်း အဓွန့်ရှည်လို့ကောင်းတဲ့အရာ မဟုတ်ပါဘူး။ အဲ့တော့ အမြန်ဆုံးအဆုံးသတ်နိုင်ဖို့အတွက် မိုးဗြဲ PDF ရဲ့ ပွိုင့်ဖိုက်တစ်လက် ကမ်ပိန်းလေးကို နိုင်သလောက်ပေါ့နော ကူညီအားဖြည့်ပေးကြပါအုံးလို့ မေတ္တာရပ်ခံပါတယ်။”လို့ ဒါရိုက်တာ ကိုပေါက် က ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မကြာခဏ စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီက ရိက္ခာထောက်ပို့ နဲ့ စစ်ရေးလှုပ်ရှားမှုကို အသုံးပြုနေတာပဲဖြစ်ပါတယ်။

spot_img
spot_img