spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေကြောင်းအန္တရာယ်ကြောင့် တိတ်ဆိတ်သွားတဲ့ စစ်ရှောင်စာသင်ကျောင်း

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ပုံမှန်အားဖြင့် တနင်္လာနေ့ကနေ သောကြာနေ့အထိ စာသင်ခန်းတွေမှာ ကလေးတွေရဲ့ ပညာသင်ကြားနေတဲ့အသံတွေ ကြားနေရပေမယ့် ခုတော့ တိတ်ဆိတ်သွားခဲ့ရပြီ။

စစ်ကောင်စီက စစ်ဘေးရှောင်နေကြရတဲ့အရပ်သားပြည်သူတွေပါ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်လာတဲ့အတွက် ကလေးတွေရဲ့စာသင်ကျောင်းခန်းတွေပိတ်ထားလိုက်ရတာပါ။

” လေယာဉ်က ကိုယ့်ပေါ်မှာပဲ သွားတဲ့ခါကျတော့ ကလေးတွေလည်း အများကြီးရှိတယ်။ နောက်ပြီး စစ်ရှောင်လည်းအများကြီး ရှိခါကျတော့ စိုးရိမ်ထိန့်တလန့်ဖြစ်ကုန်ကြတာပေါ့။” လို့ စစ်ဘေးရှောင်စခန်းကျောင်းကော်မတီဝင် တစ်ဦးက ဆိုပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူတွေပါ ထိခိုက်သေဆုံး တာတွေလည်း ရှိနေပါတယ်။

သူငယ်တန်းကနေ ရှစ်တန်းအထိ ဖွင့်ထားတဲ့ ဒီစစ်ရှောင်ကျောင်းမှာ ဆရာ၊မ ၁၄ ယောက်ရှိပြီး ကျောင်းသူ၊ကျောင်းသား ကလေးငယ် ၂၃ဝ ဦးကျော်ကို ပညာသင်ကြားပေနေတာပါ။

ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းခန်းတခုရဲ့ စာသင်ဆောင်များ
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းခန်းတခုရဲ့ စာသင်ဆောင်များ
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းခန်းတခုရဲ့ စာသင်ဆောင်များ
ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းခန်းတခုရဲ့ စာသင်ဆောင်များ

ဆရာ၊မ ၁၄ ယောက်ထဲမှာ CDM ကျောင်းဆရာ၊ဆရာမ (၇) ဦးအပါအဝင် တက္ကသိုလ်တက်စ လူငယ်တွေနဲ့ ပညာရေးကောလိပ်တက်စ စေတနာ့ဝန်ထမ်း လူငယ် (၇) ဦးလည်း ပါဝင်သင်ကြားပေးနေပါတယ်။

“ငါတို့ မိဘ ဘိုးဘွားတို့ခေတ်က သူတို့က အရင်တုန်းက စစ်အာဏာရှင်လက်အောက်မှာပဲ နေခဲ့ရတော့ သူတို့က ပညာမတတ်ဘူးပြောရမှာပေါ့။ အခုတော့ ကျနော်တို့ ကလေးတွေလည်း အဲမျိုး လူမျိုးမဖြစ်စေချင်ဘူး။ လူကောင်း လူတော် တစ်ယောက်ဖြစ်အောင် အဲ့မျိုး ဖြစ်စေချင်တာပေါ့နော်။ အရင်တုန်းကလိုမျိုး မိဘခေတ်လိုမျိုး မဖြစ်စေချင်တော့ဘူးနော်။” လို့ CDM ကျောင်းဆရာ တစ်ဦးက ပြောပါတယ်။

ဒီစစ်ရှောင်စခန်းက စာသင်ကျောင်းမှာ ကလေးတွေကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာစတဲ့ ဘာသာရပ်တွေကို အဓိက သင်ကြားပေးနေပြီး သင်ထောက်ပစ္စည်းတွေ အလုံအလောက်မရှိတာကြောင့် အခက်အခဲဖြစ်တယ်လို့ ဆရာက ဆိုပါတယ်။

တစ်နှစ်နီးပါးကြာနေပြီဖြစ်တဲ့ ခုစစ်ရှောင်စခန်းမှာ လူစာရင်းအဝင်အထွက်တွေရှိနေပေမယ့် အိမ်ထောင်စု ၁၃၀ ခန့်နဲ့ လူဦးရေ ၁၀၀၀ ဝန်းကျင်လောက်က အတူခိုလှုံနေထိုင်ကြပါတယ်။

စစ်ဘေးရှောင်နေစဉ်အတွင်း ကလေးတွေ လေလွင့်နေတာမျိုး မဖြစ်အောင် ကျောင်းဖွင့်ထားပေမယ့်လည်း အခြေအနေတွေ မတည်ငြိမ်တာကြောင့် ခုလို ကျောင်းပိတ်ထားရတာပါ။

စာသင်ကြားခွင့်မရတော့တဲ့ ကလေးတွေကတော့ ကျောင်းပတ်ဝန်းကျင်မှာ ပြေးလွှားဆော့ ကစားနေကြသလို တခါတရံလည်း စာသင်ခန်းထဲဝင်ပြီး ဆော့ကစားတာနဲ့ပဲ အချိန်တွေ ကုန်ဆုံးနေကြရပါတယ်။

၂၀၂၁ ခုနှစ်က အဲ့ဒီစစ်ရှောင်စခန်းမှာ ကလေးတွေကို ကျောင်းဖွင့်ချိန်အဖြစ် (၆) လတာ ပညာသင်ကြားပေးနိုင်ခဲ့ပါတယ်။ ခု ၂၀၂၂ ခုနှစ်မှာ နောက်ထပ် (၆)လ ပညာသင်ကြားပေးဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း စစ်ရေးအခြေအနေကြောင့် တစ်လမပြည့်ခင်မှာပဲ ကျောင်းပိတ်ထားရတာပါ။

လက်ရှိမှာ ကလေးတွေ ပညာမသင်ကြားနိုင်သေးပေမယ့် စစ်ရေးအခြေအနေပြန်ကောင်းလာမယ့် တစ်နေ့ကျရင် ကျောင်းပြန်ဖွင့်ဖို့ စီစဉ်ထားတယ်လို့ ကျောင်းကော်မတီဝင်တစ်ဦးက ဆိုပါတယ်။

“ကျနော်တို့က အဓိက သူတို့ရဲ့ တော်လှန်ရေး ပေါ့နော်။ စစ်ရဲ့ မြေပြင်ပုံစံမျိုး၊ ဒီတိုက်ပွဲကြောင့်ပေါ့နော်။ အဲ့ဒါတွေ အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့ ဒီဖက်မှာ ဒီလိုပုံစံမျိုး ဒီစစ်ရှောင်စခန်းကို လာပြီး မထိခိုက်ဘူး ပုံစံမျိုးရှိခဲ့ရင်လည်း ကျနော်တို့က ဒီကလေးအတွက်တော့ ကောင်းကောင်းမွန်မွန် စာသင်ပေး ရမှာပေါ့နော်။”လို့ ကျောင်းကော်မတီဝင်တစ်ဦးက ဆိုပါတယ်။

ဒီစစ်ရှောင်စခန်းက ကလေးငယ်တွေ စာသင်ခန်းထဲမှာ ပြန်ပြီးပညာသင်ကြားနိုင်ဖို့ကတော့ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အခြေအနေအပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေပါတော့တယ်။

တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ ဒီမော့ဆိုမြို့နယ်က ဒေသခံများကို တွေ့ရစဉ်
တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ ဒီမော့ဆိုမြို့နယ်က ဒေသခံများကို တွေ့ရစဉ်
တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ ဒီမော့ဆိုမြို့နယ်က ဒေသခံများကို တွေ့ရစဉ်
spot_img
spot_img