spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေကြောင်း နဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင် လွိုင်ကော်မှာ ရာနဲ့ချီတဲ့ မြို့ခံတွေရဲ့ နေအိမ်တွေ ပျက်စီးဟုဆို

Author

Date

Category

ကန္တာရတီတိုင်း( မ် )

(၁၁.၁၁) စစ်ဆင်ရေး စတင်ပြီး ယနေ့ အထိ(၂၅ ရက်အတွင်း) ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်း နဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် မြို့ခံတွေရဲ့ နေအိမ် ရာနဲ့ချီပြီး ပျက်စီးသွားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ခန့်မှန်းရတော့ခက်တယ်ပေါ့။ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေပျက်တာကတော့ ရာချီရှိတာပေါ့။ ဆိုတော့ ခန့်မှန်းရတော့ခက်တယ်။ ဘယ်ရပ်ကွက်တွေမှာ အများဆုံးဖြစ်လဲဆိုတော့ လောလောဆယ် ဒီတက္ကသိုလ်နဲ့ အနီးတစ်ဝိုက်က ရပ်ကွက်တွေမှာ အများဆုံးဖြစ်တယ်လို့တော့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော။ အဲဒီတော့ ဒီတက္ကသိုလ်ရဲ့ ဘေးပတ်ဝန်းကျင်မှာတော့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ် ဆိုတော့လေ။ အဲဒီအဘေးမှာရှိတဲ့ ရပ်ကွက်တွေကတော့ ပျက်စီးမှု အများဆုံး ရပ်ကွက်တွေကတော့ ပြောလို့ရတယ်။” လို့ သူက ပြောပါတယ်။

လွိုင်ကော်မြို့တွင်းတိုက်ပွဲမှာ စစ်ကောင်စီက မြေပြင် ထိုးစစ်တွေ ကို အသုံးမပြုနိုင်တော့တဲ့အတွက် လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ အဆမတန် သုံးစွဲပြီး လွိုင်ကော်မြို့ကို လက်မလွတ်ရရေး ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

မြို့တွင်းတိုက်ပွဲ စစ်ဆင်ရေး စတင်ချိန်ကစပြီး ယနေ့အထိ ၂၅ ရက်ကြာအောင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီက အရပ်သားတွေရှိနေတဲ့ လူနေရပ်ကွက်တွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်၊ အဆောက်အအုံ ပျက်စီးမှုတွေ များနေတာဖြစ်တယ်လို့ မြေပြင် သတင်းအရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ကျမဘေးအိမ်ကဆို လက်နက်ကြီး လေယာဉ်ကြဲတာကော ထိလို့ အကုန်ပျက်သွားတယ်။ နာနတ်တောရပ်ကွက်မှာလေ။ အကုန်ကြေမွနေတာပဲ ပျက်သွားတာတော့။ ကျမတို့ကိုယ်တိုင်လည်း စစ်ရှောင်နေရတယ် ရှမ်းပြည်ဖက်ပေါ့ အစစအရာရာတော့ ခက်ခဲတာပဲ။ နေအိမ်တွေပျက်တယ် မီးလောင်တယ် အဲ့လိုတွေ မြင်ရကြားရတာတော့ ဒေသခံတစ်ယောက်အနေနဲ့ စိတ်တော်တော်လေးမကောင်းဘူး။” လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်အနီးအနားက ရပ်ကွက်တွေဖြစ်တဲ့ ဒေါဥခူ၊ နာနတ်တော၊ နောင်ယား၊ ထေးငှားလျား ကျေးရွာရပ်ကွက်တွေဖက်မှာ ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

နေအိမ်၊ အဆောက်အအုံပျက်စီးသွားတဲ့အထဲ နောင်ယား ( က )ရပ်ကွက်မှာရှိတဲ့ လွိုင်ကော်ဟိုတယ်လည်း ပါဝင်ခဲ့ပြီး အဲဒီဟိုတယ်ပိုင်ရှင်ဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဥက္ကဋ္ဌ ဦးထွန်းကျော် ဖြစ်တယ်လို့ သိရပါတယ်။ မယ်စဲ့မြို့သိမ်းတိုက်ပွဲအပြီး ကလလတ ဥက္ကဋ္ဌ ဦးထွန်းကျော်ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပြီး လွိုင်ကော်ဟိုတယ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့က ချိတ်ပိတ်ခဲ့တာပါ။

လက်ရှိလွိုင်ကော်မြို့ရဲ့ ၃ပုံ ၂ ပုံကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တပ်ဖြန့်ထားနိုင်ပြီး စစ်ကောင်စီတပ်တွေက နေ့စဉ် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ အသုံးပြုပြီး တိုက်ခိုက်နေပါတယ်။ ကရင်နီပြည်တပ်မတော် KA ရဲ့ စာရင်းအရ (၁၁.၁၁) စစ်ဆင်ရေး စတင်ပြီး ၂၀ ရက်မြောက်နေ့အထိ လွိုင်ကော်မြို့ကို စစ်ကောင်စီက ၃၆၇ ကြိမ် အထိ လေကြောင်း အသုံးပြုတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုထားပါတယ်။

spot_img
spot_img

Recent posts