spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေယာဉ်ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက လွိုင်ကော်အရှေ့ ဘက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လက်နက်ကြီးအကြိမ်ရေ ၄၀ထက်မနည်း ပစ်ခတ်မှုရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီလက်နက်ကြီးနဲ့ ပစ်ခတ်မှုဟာ လွိုင်ကော်လေဆိပ်မှာ စက်တင်ဘာလ ၃၀ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်-လွိုင်ကော် လေယာဉ်အဆင်း ပစ်ခတ်ခံရမှုဖြစ်စဉ်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက သုံးသပ်ထားပါတယ်။

“စစ်ကောင်စီက လေယာဉ်ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီးတော့ မြန်မာလေကြောင်းလိုင်း ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီးတော့ သူတို့ လွိုင်ကော်အရှေ့ဘက်ခြမ်းဘက်ကို နည်းနည်းလေး ပစ်မှတ်ထားလာတယ်လို့ ကျနော်တို့ တွေ့ရတယ်။ ပစ်မှတ်ထားလာတယ်။ သူတို့မဲလာတယ်ပေါ့။ လိုက်မဲတယ်။ ဒီလိုပါပဲ။ ပစ်မှတ်ထားတယ်ဆိုပေမယ့် ဒါတွေက ဒေသခံတွေနေတဲ့ ရွာတွေပေါ့နော။ အဲ့ဒီရွာတွေဘက်ကို သူတို့အကြောင်းမဲ့ တိုက်ပွဲလည်း ဖြစ်တာမျိုးမဟုတ်ပဲ သူတို့လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တာမျိုးကတော့ အဆင်မပြေဘူးပေါ့လေ။ လူထုတွေကို သက်သက်မဲ့ ပစ်မှတ်ထားသလိုမျိုး ဖြစ်တယ်ပေါ့။ ဒီလေယာဉ်ပစ်ခံမှု နောက်ဆက်တွဲ သူတို့က အဲ့လိုရွာတွေကို လိုက်ပြီးပစ်မှတ်ထားတယ်လို့ပဲ ကျနော်တို့က ယူဆတယ်ပေါ့။” လို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်မှုကြောင့် လွိုက်ကော်အရှေ့ခြမ်းက ကျေးရွာဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ကြရပြီး လက်ရှိမှာ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။

“ရွာထဲ ပြန်မနေကြသေးဘူး။ စစ်ရှောင်စခန်းမှာပဲ နေကြရသေးတယ်ပေါ့။ ရွာပြန်မယ်ဆိုရင်လည်း ခဏကလိုမျိုး လက်နက်ကြီးတွေ ရမ်းထုတာတွေ အဲ့ဒီလိုမျိုးကတော့ ပြီးခဲ့တဲ့တစ်လောက ဖြစ်ခဲ့တာလည်းရှိတော့ တချို့လည်း ပြန်လာမနေရဲဘူး။ အဲ့ဒီလိုမျိုးတွေ ရှိတယ်ပေါ့နော။ သူတို့စိုးရိမ်မှုတွေ အများကြီးရှိခဲ့တော့ သူတို့ သတ်မှတ်ထားတဲ့ အရင်ကစစ်ရှောင်နေရာမှာ ပြီးတော့မှ ကိုယ့်ခြံနဲ့ကိုယ်နေတဲ့သူတွေ အဲ့ဒီစစ်ရှောင်မှာနေတော့ အသွားအပြန်တွေ လုပ်ကြတယ်။ တချို့ဆိုရင် စစ်ရှောင်ကနေပဲ သူ့ခြံမှာသွားပြီး အလုပ်လုပ် အလုပ်လုပ်ပြီးတော့မှ စစ်ရှောင်ဘက်ပြန်သွားနေ လုပ်တာများတယ်ပေါ့။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုဟာ အရပ်သားနေထိုင်တဲ့ ကျေးရွာအပြင်မှာ လက်နက်ကြီးနှစ်လုံးကျရောက်ခဲ့ပြီး နေအိမ်ထိခိုက်တာတွေ၊ အရပ်သားထိခိုက်တာတွေမရှိခဲ့ပါဘူး။

လက်ရှိမှာတော့ လက်နက်ကြီး ထပ်မံပစ်ခတ်လာတာတွေမရှိပေမဲ့ ဒေသခံတွေကတော့ စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်နေထိုင်ကြပြီး နေရပ်ပြန်လည်မနေထိုင်ရဲကြသေးဘူးလို့ လွိုင်ကော်အရှေ့ဘက်ခြမ်း ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင် နှစ်သိန်းကျော်ရှိခဲ့ပြီး လွိုင်ကော်မြို့နယ်က ငါးသောင်း ကျော်ရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က စက်တင်ဘာလ ၂၈ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ စစ်ဘေးရှောင်နေရတာ တစ်နှစ်ကျော်ရှိနေပြီဖြစ်ပြီး ကွန်နား၊ ဒေါပါပါး၊ ဒေါတဟေး၊ ဝမ်ခိုင်း၊ ကွန်နားအောက်ရွာ၊ နောင်လုံ စတဲ့ ကျေးရွာတွေက နေရပ်မပြန်နိုင်သေးပဲ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာ နေ့စဉ်နီးပါး တိုက်ပွဲတွေ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေပြီး စက်တင်ဘာလ တစ်လအတွင်းတိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လွိုင်ကော်မြို့မှာ ၁၁ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) က အောက်တိုဘာလ ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တစ်လအတွင်း လက်နက်ကြီးထိခိုက်မှုကြောင့် မိုးဗြဲက ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ၁၀ဦး သေဆုံးခဲ့ရပြီး ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ မြေမြုပ်မိုင်းနင်းမိတဲ့အတွက် အရပ်သား အမျိုးသမီးတစ်ဦး၊ စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အရပ်သားနှစ်ဦး စုစုပေါင်း အရပ်သား ၁၃ဦးဟာ စက်တင်ဘာလ တစ်လအတွင်းမှာ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts