spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လောပိတကျေးရွာအုပ်စုက ကျေးရွာ ၈ ရွာ တိုက်ပွဲကြောင့် တိမ်းရှောင်နေရ၊ ရာသီပေါ် သီးနှံတွေ ဆုံးရှုံးမှုတွေနဲ့ ကြုံ

Author

Date

Category

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အတွင်း လောပိတကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၈ ရွာဟာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရာသီပေါ်သီးနှံတွေ ဆွတ်ခူးမယ့်သူတွေမရှိတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စိုးရိမ်ပူပန်တာတော့ စားရေးသောက်ရေး ၊ နေရေးထိုင်ရေး၊ အလုပ်အကိုင် ကျန်းမာရေး။ ကျမ ဆို ကျန်းမာရေးလည်း မကောင်းတော့ ဒီမှာလာနေရင် ဆေးခန်းမရှိရင် ဘယ်လိုလုပ်ရမလဲ။အစားအသောက်က ဘယ်လိုလုပ်ရမလဲ။ လျှောက်တွေးနေရတာပေါ့။ အိပ်လို့တောင် မပျော်တော့ဘူး။ စိတ်အရမ်းပင်ပန်းရတယ်”လို့ စစ်ရှောင်လာသူ အသက်၆၀ ကျော် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က လောပိတ စစ်ကြောင်း (၁) ဂိတ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

မနက်အစောပိုင်းတွင် စတင် တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အနီးအနားက ကျေးရွာတွေကို ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

ဒေသခံအများစုကတော့ ကိုယ်လွတ်ရုန်းထွက်ပြေးလာကြပြီး စားနပ်ရိက္ခာတွေမပါလာကြဘူးလို့ဆိုပါတယ်။ ဒါ့အပြင် စိုက်ပျိုးထားတဲ့သီးနှံတွေကို ရိတ်သိမ်း ၊ ရောင်းချတာတွေမရှိသေးတာကြောင့်လည်း ရိက္ခာဝယ်ယူဖို့ အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။

လောပိတ၊ လောဓလေး၊ လေးအိမ်စု၊ ကျောက်တောင်၊ ရှမ်းရွာ၊ ကန်နီ၊ လောကထု၊ ဆိုလာဆယ်စတဲ့ ကျေးရွာတွေပေါင်း (၈)ရွာလောက်က နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ထွက်ပြေးတိမ်းရှောင်လာစဉ်မှာ လာရောက်အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိနေပေမယ့် အမိုးအကာတွေနဲ့ စားနပ်ရိက္ခာတွေက လိုအပ်နေဆဲပဲလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး ပြန်လည် ငြိမ်သက်ချိန်မှာတော့ ဒေသခံတချို့က ကျေးရွာထဲ ပြန်၀င်လာပြီး ပြောင်းတွေကို ပြန်လည်ချိုးယူနေကြပေမယ့် ပြောင်းတွေကို လာရောက်၀ယ်ယူမယ့်သူ မရှိသလို လူစုလူဝေးဖြစ်မှာကို စိုးရိမ်ပြီး ပြောင်းချွေစက်သမားတွေလည်း မချွေပေးရဲကြဘူးလို့ သိရပါတယ်။

“အခုဆိုရင် သီးနှံသိမ်းတဲ့ အချိန်ပေါ့နော်။ ပြောင်းကတော့ အိမ်ကို ရောက်ပြီ တချို့ကတော့။ ဒါပေမယ့် ၀ယ်မယ့်သူမရှိတော့ ငွေက အခက်အခဲရှိတာပေါ့နော်။ ငွေ အခက်အခဲ ရှိတော့ ကိုယ်က ဒီပြောင်းတွေ ရောင်းမှ ကိုယ်က ဆန်ကိုဝယ်လို့ရမှာနော်။ အဲ့တာ ပြောင်းမရတော့ ဆန်ကမရဘူး။ “လို့ လောပိတ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လောပိတဒေသခံ အများစုဟာ ပြောင်းဖူး၊ပဲစဉ်းငုံ စတာတွေကို အဓိက ထားစိုက်ပျိုးကြတာဖြစ်ပြီး သီးနှံရောင်းချမယ့် နေရာဖြစ်တဲ့ လွိုင်ကော်မြို့တွင်းမှာလည်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts