spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လောပိတအနီးတစ်ဝိုက်က စစ်ဘေးရှောင်တွေ အရေပြားအနာဖြစ်နေ၊ စားနပ်ရိက္ခာ ခက်ခဲနေတာကြောင့် ကူညီပေးဖို့တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းက လောပိတကျေးရွာအုပ်စုအတွင်းကို တိမ်းရှောင်လာကြတဲ့ ဘောလခဲခရိုင်အတွင်းက စစ်ဘေးရှောင်လူထုတွေဟာ လက်ရှိမှာ အရေပြားယားယံပြီး အဖုအထိတွေထွက်ကာ အနာတွေဖြစ်ပွားနေတယ်လို့ အဲ့ဒီဒေသဘက်မှာ ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေဆီကနေ သိရှိရပါတယ်။

ဒါ့အပြင် အလှူရှင်တွေ မရောက်ရှိလာတာကြောင့်လည်း စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်လူထုတွေက ပြောပါတယ်။

“သက်ကြီးရွယ်အိုနဲ့ ကလေးက ပိုပြီးအဖြစ်များတယ်ပေါ့နော။ သူတို့အခုလက်ရှိ ဖြစ်နေတာက ခန္ဓာကိုယ်မှာ ယားပြီးတော့ အဖုလေးတွေ ပေါက်တယ်ပေါ့နော။ တောထဲ၊ တောင်ထဲမှာ သွားအိပ်တာ ခြင်ထောင်တို့နဲ့ မအိပ်ရခါကျတော့ အဲ့ချိန်ကနေ စပြီးတော့ ဖြစ်ကြတာပေါ့နော။ ဖြစ်ကြတော့ သက်ကြီးရွယ်အိုပိုင်းမှာ ထမင်းလည်း ပုံမှန်မစားရတဲ့ ကာလတွေ ရှိခဲ့တယ်။ ပြီးတော့ နောက်တစ်ခုက တချို့ သက်ကြီးရွယ်အိုတွေ ထမင်းတောင် မစားနိုင်တဲ့ သူတွေ ရှိတယ်။ အဲ့လိုအခြေအနေတွေ ဖြစ်သွားတော့ နောက်ပိုင်း သူတို့ အာဟာရမပြည့်မှီတာလည်း ပါတယ်။” လို့ လောပိတကျေးရွာအုပ်စုအတွင်းကို တိမ်းရှောင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆေးဝါးလုံလောက်မှုမရှိတာကြောင့်နဲ့ ကုသဖို့ အခက်အခဲရှိနေတာကြောင့် သက်ကြီးပိုင်းဖြစ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

“အချိန်မှီဆေးကုသ ခံယူမှုမရခဲ့တော့ အဲ့ဒီသက်ကြီးရွယ်အိုနှစ်ဦးလည်း ဆုံးသွားတယ်ပေါ့နော။ ကလေးတွေဆို အခုချိန်ထိ ဖျားနာနေတုန်းပဲပေါ့နော။ အခုလက်ရှိကတော့ ကျမတို့ ရပ်ရွာမှာရှိတဲ့ အရင်ကတည်းက ကုပေးနေကျ ဆရာမ တစ်ယောက်နဲ့ပဲ သူ့မှာ ရှိတဲ့အရာလေးတွေနဲ့ဘဲပေါ့နော။ ဆေးတွေကတော့ လုံလောက်မှု မရှိတဲ့အပြင် ရှိကိုမရှိတာပေါ့နော။ အဲ့ကြောင့် အရင်ကတည်းက သူ့မှာ ရှိခဲ့တဲ့ အရာနဲ့ပဲ သူသုံးပြီး ကုသပေးနေတယ်ပေါ့။” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

စတင်တိမ်းရှောင်ကတည်းက ကျေးရွာကို တစ်ခါမှ ပြန်ခွင့်မရဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ဒါကြောင့်လည်း စားနပ်ရိက္ခာအတွက် လိုအပ်ချက်က ပိုမိုများပြားနေတာဖြစ်တယ်လို့ လောပိတဖက်မှာ တိမ်းရှောင်နေကြသူတွေက ပြောပါတယ်။ ပြည်တွင်းက သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင် နိုင်ငံတကာတွေအနေနဲ့ စစ်ဘေးရှောင်နေရတဲ့ ကရင်နီပြည်က လူထုတွေကို စားနပ်ရိက္ခာအတွက် အဓိက အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးစေချင်တယ်လို့ ဒီးမော့ဆိုမြို့နယ် ဒေါတငူးကျေးရွာမှ တိမ်းရှောင်သွားတဲ့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စားဝတ်နေရေးအတွက်ပေါ့ အဆင်ပြေအောင် လုပ်ပေးစေချင်တယ်ပေါ့။ အဲ့ဒီစစ်ဘေးရှောင်တွေအတွက်ကိုလေ။ တချို့ကျလည်းနော ကျန်းမာရေးမကောင်းတာလည်း ရှိတယ်။ စားစရာ မရှိတာလည်း ရှိတယ်။ အဲ့လိုမျိုးတွေ ဖြစ်နေတဲ့အခါမှာ ကလေးငယ်တွေ ရှိတဲ့အခါမှာ အခက်အခဲရှိတာပေါ့။ စားဖို့ သောက်ဖို့ အဆင်ပြေအောင် နည်းနည်းကူညီပေးရင်တော့ ကောင်းတာပေါ့။” လို့ အဆိုပါ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လောကထုကျေးရွာကို တိမ်းရှောင်လာကြသူတွေကတော့ မိန်းကလေးအသုံးအဆောင်ပစ္စည်းလာလှူတာ တစ်ခါရပြီး WFP မှ လှူဒါန်းတဲ့ ဆန် တစ်ဦးကို ခြောက်ပြည်နှုန်း နဲ့ တစ်ခါ၊ ပိုက်ဆံတစ်ခါ လူတစ်ဦးကို နှစ်သောင်းကျပ်သာ အလှူရရှိဖူးတယ်လို့ ဆိုပါတယ်။ လောကထုကျေးရွာတစ်ရွာကို တိမ်းရှောင်လာတဲ့ အိမ်ခြေ သုံးဆယ် ရှိပြီး ကျန်တဲ့ ကျေးရွာတွေတိုင်းမှာလည်း စစ်ဘေးရှောင်တွေ တိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။

လောပိတကျေးရွာအုပ်စုအတွင်းကို တိမ်းရှောင်နေကြသူတွေဟာ စစ်ဘေးရှောင်စခန်းလိုပုံစံမျိုး နေထိုင်ကြတာမဟုတ်ပဲ ကျေးရွာထဲက နေအိမ်တွေမှာ စုပေါင်းနေထိုင်တာ ဖြစ်ပါတယ်။ တချို့မှာ အိမ်ပိုင်ရှင် နေရာမျှပြီး နေထိုင်ကြသူရှိသလို တချို့မှာလည်း အိမ်အလွတ်တွေမှာ ငှားရမ်းနေထိုင်သူတွေ ရှိတဲ့အပြင် ကျေးရွာထဲက ခြံထဲမှာ တဲထိုးနေထိုင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဘောလခဲနဲ့ ရွာသစ်မြို့နယ်အတွင်းက ဒေသခံတချို့အပြင် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ဒေသခံတချို့လည်း လောပိတ ကျေးရွာအုပ်စုအတွင်းကို တိမ်းရှောင်နေကြတာ ရှိပါတယ်။ ဘောလခဲနဲ့ ရွာသစ်မြို့နယ်အတွင်းက တိမ်းရှောင်သူ ၁၃၀ ဝန်းကျင်ရှိနေပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက တိမ်းရှောင်သူတွေကတော့ အဆင်ပြေတဲ့ကျေးရွာတွေမှာသာ ခိုလှုံနေကြရပြီး ပြန့်ကျဲနေတဲ့အတွက် လူဦးရေအတိအကျကိုတော့ မသိရှိနိုင်ဘူးလို့ အဲ့ဒီဘက်ကို တိမ်းရှောင်နေကြသူတွေက ပြောပါတယ်။

လောပိတဟာ လျှပ်စစ်ဓတ်အားစက်ရုံ တည်ရှိတဲ့ ဒေသဖြစ်ပြီး လက်ရှိမှာလည်း စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ကရင်နီပြည်အတွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသဖြစ်တဲ့ ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့က စစ်ဘေးရှောင် နှစ်သိန်းခွဲအထက်ရှိနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်ချက် ရှိနေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts