spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လောပီတ ရေလျှံထိန်း လုံခြုံရေးရဲကင်းကို KNDF ဝင်ရောက်စီးနှင်း ၊ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းထား၊ လက်နက်များ သိမ်းဆည်းရမိ

Author

Date

Category

ထွေးရယ် ( ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ရှိ လောပီတ ရေလျှံထိန်း လုံခြုံရေးရဲကင်းကို ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဧပြီလ ၂၉ ရက်နေ့ ညသန်းခေါင်အချိန်မှာ ဝင်ရောက်စီးနှင်းခဲ့ပြီး သေနတ်မပေါက်ပဲ လုံခြုံရေးရဲ ( ၈ ) ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်နိုင်ဖို့ ကရင်နီပြည်ရဲဌာန KSP ကို လွှဲအပ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် သေနတ် ( ၈ ) လက်နဲ့ ကျည်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“ တိုက်ပွဲမစခင်မှာ ကျနော်တို့ ဗျုဟာကောင်းကောင်းလေးနဲ့ ဆွဲတယ်လို့ ပြောရမှာပေါ့နော။ ကြိုတင်ပြင်ဆင်တယ်။ အဲ့ညမှာ ကျနော်တို့ ဝင်ပစ်တယ်။ ဝင်ပစ်တော့ ၁၂ ခွဲလောက်မှာ ဝင်ပစ်ပြီးတော့မှ ကြာချိန်က နာရီဝက်လောက်ပဲ ရှိမှာပေါ့နော။ တိုက်ပွဲကတော့ ဝင်တော့ ဝင်သွားတယ်ပေါ့နော။ ဒါပေမယ့် လက်နက်ကတော့ ကျနော်တို့ မဖောက်လိုက်ဘူးပေါ့နော။ ကျနော်တို့ အရှင်လတ်လတ်နဲ့ပဲ ဖမ်းဖို့ အစကတည်းက အဲ့လို လျာထားတယ်ပေါ့နော။ ဗျုဟာတော့ ဆွဲထားတယ်။ သေနတ်လုံးဝ မပေါက်စေနဲ့ဆိုတဲ့ဟာတွေပေါ့။ အဓိကလည်း ကျနော်တို့ သေချာဆွဲထားရင် ရနိုင်တယ်ဆိုတဲ့ဟာတွေပေါ့နော။ သူတို့ အိပ်ပျော်တဲ့အချိန် ဝင်စီးရင်ရတယ်။ ကင်းပုန်းတွေ ဘယ်နေရာတွေ ရှိလဲ။ အဓိက လူအိပ်တဲ့နေရာက ဘယ်နေရာရှိလဲ ဥပမာပေါ့နော။ နေရာလည်း နှစ်နေရာ သုံးနေရာရှိတော့ ကျနော်တို့ တချိန်တည်း ဝင်စီးတော့ သေနတ်မဖောက်ရဘူးဆိုတဲ့ဟာတွေပေါ့။ ကျနော်တို့ဖက်ကလည်း ထိခိုက်မှု မရှိဘူး။ စဝင်တာတော့ ၁၂ ခွဲပေါ့။ ၁ နာရီကျော်ကျော်လောက်မှာ ကျနော်တို့ ပြန်ထွက်တယ်။ “ လို့ KNDF B – 10 ရဲ့ တပ်ရင်းမှုးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြုပြောကြားပါတယ်။

ဖမ်းဆီးရမိတဲ့ လုံခြုံရေးရဲများမှာ ဒုရဲအုပ်၊ တပ်ကြပ်ကြီး၊ တပ်ကြပ် အပါအဝင် ၈ ဦးဖြစ်တယ်လို့ သိရပါတယ်။

“ သူတို့ကို ဖမ်းတယ်ဆိုတာကလည်း သူတို့ကို နှိပ်စက်တာလည်း မရှိဘူး။ ကြိုးတုပ်ပြီးတော့မှ ဒီအတိုင်းပဲ ခေါ်လာတာရှိတယ်။ အခုထိ ရိုက်တာတို့ လုံးဝမရှိသေးဘူးပေါ့နော။ ရဲနဲ့ပတ်သက်ပြီးတော့လည်း နှိပ်စက်ထားတာ လုံးဝ မရှိသေးဘူးပေါ့နော။ ” လို့ တပ်ရင်းမှုးက ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာတော့ ဧပြီလ ၂၂ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း ထားလဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းများ တပ်ဆုတ်ခဲ့ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဒီကနေ့ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ထုန်ပြန်ချက်မှာ ပါရှိပါတယ်။

ဧပြီလ နောက်ဆုံးအပတ်မှာ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ် တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF က ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာတော့ ဧပြီလ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့တဲ့အတွက် ဒေါခမီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း KNDF မှ တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးသွားခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts