spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်က အကျဉ်းသားတွေဟာ လုံလောက်တဲ့ အာဟာရဓါတ်မရရှိတာကြောင့် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း PPNM ဆို

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်အကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားစုစုပေါင်း ၄၀၀ ကျော်အကျဉ်းချခံထားရဆဲ ဖြစ်ပြီး လက်ရှိစစ်ဆင်ရေးကာလမှာ ထောင်ဝင်စာပို့နေကြ ပြည်သူတွေ မပို့နိုင်ကြတော့တဲ့အတွက် အကျဉ်းသားတွေဟာ ပုံမှန်စားသောက်ဖို့ ခက်ခဲလာကြတယ်လို့ ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

“စစ်သားက ထောင်ပတ်ချာလည်မှာ နေရာယူပြီးမှ ထောင် ကို ခံစစ်ပြင်ထားတဲ့ အတွက် လာရောက်တဲ့ လူတွေကို ပစ်ခတ်တာတွေ တစ်ခါ တလေမှာ အဲ့နား ပတ်ချာလည်မှာ ထိတ်တိုက် ရင်ဆိုင် ထိတ်တိုက်တွေ့နေရတာဖြစ်တဲ့အ တွက် မိသားစုဝင်တွေ မသွားရဲတာတွေ ဒါကြောင့်မလို့ တော့ အကျဉ်းထောင်ထဲမှာ မရှိရှိတာကိုပဲ အစားအသောက်အနေနဲ့ အသက် မသေရုံတမယ်ပေါ့နော် စားသောက်နေထိုင်ရုံ ကြိုးစား‌ဆောင်ရွက်နေရတဲ့ အခြေအနေ ဖြစ်တယ်။ ပုံမှန်အခြေအနေမှာတောင် စားသောက်ဖို့ ခက်ခဲတဲ့လူ ဖြစ်တဲ့အတွက် အခုချိန်မှာ ထမင်း အကြမ်းနဲ့ ငါးပိကို အံတုပြီးစားရတာ ဖြစ်တဲ့အတွက် ဒီအခြေအနေဟာ ဒီလို ကြာကြာဆက်သွားရင် ကျနော်တို့ အကျဉ်းသားတွေရဲ့ အသက်အန္တရာယ် တွေက အင်မတန်ကိုမှ စိုးရိမ်ဖွယ်ကောင်းတဲ့ အခြေအနေလို့ပြောချင်ပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

လွိုင်ကော်အကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၁၁၀ ကျော်ပါရှိပြီး အခြားသော အကျဉ်းသား ၃၀၀ ကျော်ပါရှိတယ်လို့ သိရပါတယ်။

အခုလို အကျဉ်းထောင်အတွင်း စားသောက်ရေးပြတ်လတ်မှုကို အချိန်ကြာမြင့်စွာ ခံရမယ်ဆိုရင် လက်ရှိကျန်းမာရေး ချို့ယွင်းနေတဲ့ အကျဉ်းသားတွေဟာ အာဟာရပြတ်လတ်ပြီး အချိန်မရွေး သေဆုံးသွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေနဲ့လည်း လွိုင်ကော်အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေ အပါအဝင် အခြားရာဇဝတ်အကျဉ်းသား၊အကျဉ်းသူတွေ လက်ရှိရင်ဆိုင်နေရတဲ့ ကျန်းမာရေးကိစ္စရပ်တွေနဲ့ အခြေခံစားသောက်ရေးကိစ္စရပ်တွေကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ပေးနိုင်မှသာ အကျဉ်းသားတွေ ကောင်းမွန်စွာ အသက်ရှင်နိုင်မှာဖြစ်တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက်ရှင်ဖို့အတွက် ရှိတဲ့ အစားအသောက်ကို စားသောက်နေကြတဲ့ လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေ ကို မြန်မာပြည်သူများ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (UN)နဲ့ နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့အစည်းတွေအနေတဲ့ မေ့မထားကြပဲ အာရုံစိုက်ဆောင်ရွက်ပေးဖို့ကိုလည်း (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မေတ္တာရပ်ခံထားပါတယ်။

spot_img
spot_img