spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်းကျန်နေတဲ့ ဒေသခံတွေ စားဝတ်နေရေး ပူပန်နေရ

ကန္တာရဝတီတိုင်း(မ်)

၁ လေးလုံးစစ်ဆင်ရေး ဆင်နွဲနေတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးတွေ ကျရောက်နေပေမယ့် တခြားနေရာဒေသကို စစ်မရှောင်နိုင်ပဲ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေရှိနေပါတယ်။

လွိုင်ကော်မြို့ကနေ တခြားမြို့တွေကို စစ်ဘေးရှောင်သွားဖို့ ကားခတစ်ဦးအတွက် တစ်သိန်းကုန်ကျတယ်လို့ သိရပါတယ်။ လွိုင်ကော်ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်သီတာဝင်းကတော့ စစ်ဘေးရှောင်ဖို့ သွားလာရေးအတွက် ငွေကြေးမရှိသလို နေရာထိုင်ခင်းအတွက် အခက်အခဲရှိတာကြောင့် မိမိနေအိမ်မှာသာ နေထိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ နေ့စားအလုပ်လုပ်ရင်း တစ်ရက်စာ ဝမ်းရေးကို ဖြေရှင်းနေရပြီး မိသားစုလူဦးရေများတာကြောင့် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။

“အဒေါ်လက်ထဲမှာ ပိုက်ဆံရှိမှသွားနိုင်မယ်လေ။ အခုခါ အဒေါ်လည်း လက်ထဲမှာပိုက်ဆံမရှိတော့ သား၊ သမီးတွေကို မခေါ်သွားနိုင်ဘူး။ ဒီမှာနေတာ ကြောက်တာပေါ့ တုန်လှုပ်တာပဲလေ လက်နက်ကြီးက အဒေါ်တို့ နံဘေးမှာပဲကျနေတယ်။ တချို့ခါကျတော့ မသွားဘဲနဲ့ ဘာဖြစ်လို့ နေတာလဲပေါ့နော အဒေါ်တို့ကိုပြောတယ်။ အဒေါ်တို့ မသွားချင်တာမှ မဟုတ်တာ မသွားနိုင်တာလေ။ စားဝတ်နေရေးက အရင်တုန်းက တရက်လုပ်မှတရက်စားလေ။ အခုကျတော့ အဒေါ်တို့ ဘာအလုပ်အကိုင်မှမရှိတော့ အရင်တုန်းက သူများထောက်ပံ့ပေးတဲ့ဟာ ချွေတာပြီးစားရတယ်။” လို့ ဒေါ်သီတာဝင်းက ပြောပါတယ်။

၁ လေးလုံးစစ်ဆင်ရေးစတင်ပြီးနောက် လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ်ဖက်ကို စစ်ဘေးရှောင်ကြတဲ့ ဒေသခံတချို့ဟာ လွိုင်ကော်မြို့ကို ပြန်လာနေထိုင်ကြတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ရင်း လွိုင်ကော်မြို့ကို ပြန်လာနေထိုင်တဲ့ဦးတိုးက “စိုးရိမ်ရပါတယ် ဒါကတော့။ ကျနော်တို့ ဒီမှာက အမြဲတမ်းလိုလို အသံကြားနေရတာဆို‌တော့ မနေချင်ဘူး ပွင့်ပွင့်လင်းလင်းပြောရ‌ရင် အခက်ခဲတွေရှိလို့ မနေချင်ပဲနေနေရတာ။ လက်နက်ကြီးတွေလာတဲ့အချိန်ဆိုတော့ တော်တော်စိုးရိမ်ရတယ် တော်တော်ကြောက်ရတယ်။ ဒရုန်းတွေဘာတွေလဲ လာတယ်လေ ကြောက်ရတာပေါ့ ကျနော်တို့မှာ။ အဲ့ဒါဆိုရင် မအိပ်တော့ဘူး။ ညလာတဲ့အသံကြားရင် ထိုင်ပြီးကြည့်နေတာ” လို့ ဆိုပါတယ်။

ဒေသခံအများစုကတော့ ဈေးရောင်းတာ၊ ဟင်းရွက်ခူးတာ၊ ထင်းခုတ်တာ၊ နေ့စားလိုက်တဲ့ လုပ်အားခ နဲ့ စားဝတ်နေရေး ဖြေရှင်းကြတယ်လို့ သိရပါတယ်။

“စားဝတ်နေရေးဆို တကယ်ခက်ခဲနေတာ ကျနော်ဆို တော်တော်ခက်ခဲနေပြီ။ ဘယ်မှလဲ သွားလို့မရဘူးလေ ဟင်းရွက်ခူးတွေ‌လဲ ဟင်းရွက်ဝယ်တဲ့သူကလဲ ရောင်းမကောင်းတော့ သူတို့က မယူတော့ဘူးလေ။ ထင်းခုတ်တော့လဲ ထင်းဝယ်မဲ့သူကလဲ မရှိတော့ ရှိတာလေးနဲ့ ကုပ်ခြစ် စားနေရတာပေါ့။ ဆန်ဆိုရင်လဲ ပြည်လိုက်ဝယ်ရတာ တစ်ပြည်ဆိုရင် သူတို့ပိုက်ဆံရှိသူဆို‌ရင်တော့ တမျိုးပေါ့။ ကျနော်တို့ကမရှိ‌တော့ အနိမ့်ဆုံးတောင် (၄)ထောင်ရှိတယ်။ တစ်ပြည်ကို (၄)ထောင်” လို့ ဦးတိုးက ဆက်ပြောပါတယ်။

လွိုင်ကော်မြို့‌တွင်းရှိနေတဲ့ ဒေသခံတွေဟာ တစ်ရက်လုပ်အားခ အများဆုံး(၅၀၀၀)ကျပ် ရရှိကြပေမဲ့ မိသားစုအတွက် ဖူလုံမှုမရှိဘူးလို့ ဆိုပါတယ်။ ဒေသခံတွေဟာ သွားလာလို့ရတဲ့ မြို့ဧရိယာအတွင်းသာ သွားလာကြပြီး တခါတရံ ရပ်ကွက်၊ နေအိမ်အနီးအနားမှာ လက်နက်ကြီးကျရောက်တာကြောင့် လုံခြုံရေးစိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

၁ လေးလုံးစစ်ဆင်ရေး ဆင်နွဲနေတဲ့ လွိုင်ကော်မြို့မှာ နှစ်ဖက်ထိတွေ့မှု နေ့စဉ်ရက်ဆက် ရှိနေပြီး စစ်ကောင်စီတပ်က ဒရုန်းနဲ့ မီးလောင်ဗုံး အသုံးပြုမှုကို ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

spot_img
spot_img