spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်း လိုင်စင်မဲ့ကားတွေကို စစ်ကောင်စီက ငွေတောင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားတွေကို လိုင်စင်ပါမပါ စစ်ဆေးပြီး လိုင်စင်မဲ့ကားဖြစ်ပါက ငွေတောင်းခံမှုရှိတယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။

ယခင်က လမ်းသွားလမ်းလာပြည်သူတချို့ကို လုံခြုံရေးအကြောင်းပြကာ လက်ကိုင်ဖုန်းတွေကို စစ်ဆေးခဲ့ပေမဲ့ လက်ရှိမှာတော့ လမ်းပေါ်သွားလာနေတဲ့ မော်တော်ယဉ်တွေရဲ့ လိုင်စင်တွေကိုပါ စစ်ဆေးနေတာဖြစ်ပါတယ်။

” မော်တော်ပီကယ်တွေ မပါဘူးဗျ စစ်သားတွေပဲ။ လိုင်းစင်ပြခိုင်းတယ်။ မပါတော့ ၂သိန်းတောင်းတယ်။” လို့ စစ်ဆေးတောင်းခံရတဲ့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက သွားလာတဲ့ကားတချို့ကို ရပ်ခိုင်းပြီး လိုင်စင်ပါ မပါ စစ်ဆေးကာ လိုင်စင်မဲ့ကားတွေကို အကြောင်းမဲ့ ငွေကျပ် ၂ သိန်းမှ ၃သိန်းထိ တောင်းခံပြီး ငွေမပေးပါက အော်ငေါက်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“တစ်မြို့လုံး နီးပါးက without (လိုင်စင်မဲ့) ကားပဲ စီးကြတာ။ ဖမ်းရင်တောင် မကုန်လောက်ဘူး ဂွင်ဖန်တယ် လို့ပဲ မြင်တာပဲ။ ကားတိုင်းလည်းမကောက်ဘူး ကြားတယ် ၊ မသင်္ကာတဲ့ ကားတွေမှ စစ်ရင်းနဲ့ ကောက်တာ။” လို့ ထပ်မံ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ယခုလို ငွေကြေးကောက်ခံတာကို ဧပြီလ တတိယပတ်ကတည်းက ကြုံတွေ့ရတယ်လို့ လွိုင်ကော်မြို့ခံ တချို့က ပြောဆိုကြပါတယ်။ ယခင်ကလည်း စစ်ကောင်စီစစ်ဆေးမှုတွေမှာ လိုင်းစင်မဲ့ကားတွေကို ငွေတောင်းခံတာ၊ သိမ်းယူပြီး ၎င်းတို့အသုံးပြုတာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုကြပေမယ့် ကန္တာရဝတီတိုင်း(မ်)အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

“ဟုတ်တယ်။ တကယ် တောင်းတာ ကျနော်လည်း တောင်းခံရတယ်။ သေနတ်တွေကိုင်ထားတဲ့ စစ်သား ၃၊ ၄ ယောက်လောက်က စီးလာတဲ့ကားကို တားတယ်။ လိုင်းစင်ပါလား မေးတယ် မပါဘူးလို့ ပြောလိုက်တယ်။ မပါရင် ပိုက်ဆံပေးတဲ့ ပိုက်ဆံလည်း မပါဘူးပြောလိုက်တယ်။ ဘာလို့ မပါလဲတဲ့ အော်ငေါက်တာ။ ကျနော်တော့ ပိုက်ဆံမပါတော့ မပေးလိုက်ရဘူး။ နောက် အပြင်ထွက်ကျရင် ကရုစိုက်ဖို့ သတိထားပြီး သွားလာကြဖို့ ပြောချင်တယ်။” လို့ နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

အာဏာသိမ်းပြီးနောက် လွိုင်ကော်မြို့ဟာ စစ်ကောင်စီ ယန္တာရားလည်ပတ်နေတဲ့ မြို့ဖြစ်ပြီး လွိုင်ကော်မြို့တွင်း လမ်းဆုံလမ်းခွနေရာ၊ အချက်အချကျတဲ့နေရာတွေမှာ စစ်ကောင်စီက စစ်ဆေးမှု ပြုလုပ်နေတာဖြစ်ပါတယ်။

လွိုင်ကော်မြို့တွင်းမှာ စစ်ကောင်စီက ပုံမှန် စစ်ဆေးမှုတွေရှိနေပေမယ့် မသင်္ကာမှုတွေ့ရင် ပုံမှန်ထက်ကြာတဲ့ စစ်ဆေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts