spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန်နှင့် လူစုလူဝေးအခမ်းနားများ ပြုလုပ်လိုပါက (၃)ရက်ကြိုတင် တင်ပြပြီး ခွင့်ပြုချက်တောင်းခံရန် စစ်ကောင်စီညွှန်ကြား

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်ဖြင့် သာ ရောင်းချကြရန်နဲ့ လူစုလူဝေး ဖြင့်ပြုလုပ်ရမယ့် အခမ်းအနားတွေကို စစ်ကောင်စီရဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီသို့ (၃) ရက်ကြိုတင်တင်ပြ၍ ခွင့်ပြုချက် တောင်းခံရန် ဇူလိုင်လ ၄ ရက်နေ့မှစ၍ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ မျိုးရိုးဗီဇပြောင်း Covid-19 ရောဂါ အား ထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် အဆိုပါ ညွှန်ကြားချက်တွေကို လိုက်နာပေးကြရန် စစ်ကောင်စီရဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီက ဇူလိုင်လ ၄ ရက်နေ့မှာ စာထုတ်ပြီး မြို့နယ်စည်ပင်သာယာရေး ဌာနများမှတစ်ဆင့် ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အဆိုပါ ညွှန်ကြားချက်ထဲမှာ လွိုင်ကော်မြို့အတွင်း စားသောက်ဆိုင်များအနေဖြင့် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်ရောင်းချရန်၊ နေ့စဥ်မရှိမဖြစ်လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းများကိုသာ Covid စည်းကမ်းနှင့်အညီ ရောင်းချရန်၊ လူစုလူဝေးဖြင့် အခမ်းနား ပြုလုပ်မည်ဆိုပါက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ (၃)ရက်ကြိုတင် အကြောင်းကြား၍ ခွင့်ပြုချက်ရပါက Covid စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ကြရန် စသည့် အချက်တွေ ပါဝင်ပါတယ်။

ရပ်ကွက်အချို့မှာ အသံချဲ့စက်နဲ့ စားသောက်ဆိုင်တွေမှာ ပါဆယ်စနစ်နဲ့သာရောင်းချဖို့လည်း လှည့်လည် ပြောဆိုနေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထိ Covid-19 အတည်ပြုလူနာပေါင်း ( ၁၁၂)ဦး တွေ့ရှိခဲ့ရပြီး စစ်တပ်မှအာဏာသိမ်းပြီးနောက် ဇွန်လ၃၀ရက်နေ့ ဇူလိုင်လ ၉ရက်နေ့အထိ Covid-19 အတည်ပြုလူနာ (၃၅)ဦး တွေ့ရှိထားသလို ကိုဗစ်ရောဂါနဲ့သေဆုံးသူ ၂ဦးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img