လွိုင်ကော်မြို့တွင် ပိုးတွေ့လူနာ ၆ဦးထပ်မံတွေ့ရှိ၊ စုစုပေါင်း ၅၃ ဦးရှိလာ

0
631

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့တွင် အသွားအလာကန့်သတ်ခံရသူများနှင့် ယာဥ်မောင်း ယာဥ်နောက်လိုက်များကို COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးရာ ပိုးတွေ့သူ ၆ ဦးရှိကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

Community Based Facility Quarantine များဖြစ်သည့် လွိုင်ကော်မြို့ ပညာရေးကောလိပ်မှ ၄ဦး နှင့် လွိုင်ကော်တက္ကသိုလ်မှ ၁ဦး၊ ယာယီ ကုန်တင်ယာဥ်ရပ်နားစခန်း(သစ်ဆိပ်)မှ ယာဥ်မောင်းတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့သူများမှာ အမျိုးသား၄ ဦးနှင့် အမျိုးသမီး ၂ဦးတို့ဖြစ်ပြီး အသက်အရွယ်အားဖြင့် ၂၃နှစ်၊ ၇၃နှစ်၊ ၂နှစ်ခွဲ၊ ၇၂နှစ်၊ ၄၂နှစ်၊ ၂၄နှစ်အရွယ်ရှိကြီး ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

လွိုင်ကော်ပညာရေးကောလိပ်တွင် တွေ့ရှိခဲ့သည့် ပိုးတွေ့သူများမှာ ရန်ကုန်မြို့မှပြန်လာသူများဖြစ်ကြပြီး မိသားစုလိုက် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ဟုတ်ပါတယ် ။ ကလေးတစ်ယောက်ပါ ပါပါတယ်။ သူတို့လေးယောက်က မိသားစုလိုက်ပါ။ ဒီနေ့တွေ့တဲ့ ခြောက်ယောက်လုံးက ကျန်းမာရေးကောင်းပါတယ်။ လွိုင်ကော်ဆေးရုံကြီး မှာပဲ ပို့ထားပါတယ်။ ” ကယားပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် က ပြောသည်။

အဆိုပါ ပိုးတွေ့သူအားလုံးကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၏ ကိုဗစ်သီးသန့်ကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးသွားမည်ဖြစ်သည်။

CBFQ တွင် ပိုးတွေ့သူများနှင့် ထိစပ်သူများကို Home Quarantine သော်လည်းကောင်း၊ ယာဥ်မောင်းနှင့်ထိတွေ့ခဲ့သူတစ်ဦးကိုလည်း လွိုင်ကော် နတလသင်တန်းကျောင်းတွင် အသွားအလာကန့်သတ်ထားရှိမည်ဖြစ်ပြီး ဓတ်ခွဲနမူနာရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ကယားပြည်နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၅၃ဦးထိရှိပြီး ပိုးပျောက်ကင်း၍ ဆေးရုံဆင်းသူ ၂၂ဦးရှိပြီဖြစ်သည်။