spot_imgspot_imgspot_imgspot_img
Wednesday, April 24, 2024
spot_imgspot_imgspot_imgspot_img

“လွိုင်ကော်မြို့ထဲက ရုန်းမထွက်နိုင်သူများ”

Author

Date

Category

မူဖိလစ်စတာ / ကန္တရ၀တီတိုင်း (မ်)

စျေး၀ယ်၊ စျေးသည် ၊ လူသွားလူလာ စည်ကားလှပါတယ် ဆိုတဲ့ လွိုင်ကော်မြို့ပေါ်မှာ တစ်လေးလုံးစစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲနောက်ပိုင်းမှာ လေ‌ပြေညင်းသံလေးတွေကအစ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။

တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်ဘ၀ ရောက်သွားတဲ့ လူတန်းစားအမျိုးမျိုးထဲမှာမှ တနေ့လုပ်တနေ့စား၊ အခြေခံလူတန်းစားတွေကတော့ စစ်ရဲ့အကျိုးဆက်ကြောင့် ဘ၀ရဲ့ ဒုက္ခပင်လယ်မှာ ယခင်ကထက် အဆပေါင်းများစွာ ခါးခါးသီးသီး လက်ပစ်ကူးရင်း အသက်ရှင်ဖို့ရုန်းကန်ရပါတယ်။

၎င်းတနေ့လုပ်တနေ့စား မြို့ခံလူထုတချို့က စစ်ကိုကြောက်လို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရာမှ စစ်ထက်ကြောက်စရာကောင်းတဲ့ စား၀တ်နေရေး၊ ငွေရေးကြေးရေး မပြေလည်မှုကို ကြုံလာရတဲ့အခါ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခုကို မလွှဲသာ ချရပါတော့တယ်။

“နေရပ်ပြန်ပြီး ရုန်းကန်မယ်” လို့ ဒီလိုဆုံးဖြတ်လိုက်တဲ့ တချိန်တည်းမှာပဲ စိတ်ဖြေရာရသွားကြသလို၊ မမြင်နိုင်တဲ့ အန္တရာယ်ကို စိုးရိမ်နေရတဲ့ ဒုက္ခလည်းရှိလာပြန်ပါတယ်။ နေရပ်ပြန်ရောက်ရင် တနယ်တခြားဒေသ ရောက်နေတာထက် ခက်ခဲမှုတဆင့် သက်သာရာရမယ်ဆိုပေမဲ့ စစ်ကြောင့် စိတ်သောကရောက်ရမှာတော့ မလွဲမသွေပါ။

” ပြန်လာပြန်တော့လည်း အဆင်မပြေဘူး။ လုပ်စားကိုင်စားရတာလည်း ခက်ခဲတယ်ပေါ့။ ဟင်းရွက်တွေ ဘာတွေ ခူးတော့လည်း ပိုက်ဆံက သိပ်မရဘူးလေး။ တစ်ထောင်နှစ်ထောင်နဲ့ ဘာမှ သုံးစားမရဘူးရော။ ကလေးမုန့်ဖိုးပဲရှိတယ်”

ဒါကတော့ မြို့သိမ်းတိုက်ပွဲကြောင့် တခြားဒေသဖက်ကို စစ်ဘေးရှောင်ပြီးမှ အခက်အခဲတွေကြောင့် စစ်ဖြစ်နေတဲ့ နေရပ်ကိုသာပြန်လာဖို့ ဆုံးဖြတ်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော် ဒေသခံအမျိုးသမီးတဦးရဲ့ ရင်ဖွင့်သံဖြစ်ပါတယ်။

လုံခြုံရေးကြောင့်သာ တခြားဒေသမှာ စစ်ဘေးရှောင်သွားခဲ့ပေမဲ့လည်း လူမှုရေးဆိုင်ရာ ဒုက္ခ၊ စားဝတ်နေရေး ဒုက္ခနွံ ထဲကျနေတဲ့ခါ စစ်ပွဲဖြစ်နေတဲ့ မိမိတို့ရဲ့နေရပ်ကသာ တနေ့လုပ်တနေ့စားပြည်သူတွေအတွက် လွတ်မြောက်ရာ အဖြေတခုဖြစ်လာခဲ့တာပါ။

လက်ရှိလွိုင်ကော်မြို့မှာ မြို့တွင်းပြန်လည်နေထိုင်တဲ့ လွိုင်ကော်ဒေသခံတဦးက စားဝတ်နေရေးအတွက် ရွာပတ်ပတ်လည်က စွယ်တော်ရွက်ခူးပြီး ရောင်းနေရပါတယ်။

ဒူးလောက်ရှည်ပြီး ၁၂ လက်မ ကျယ်တဲ့ ပလိုင်း ၃လုံးခန့်နဲ့ စွယ်တော်ရွက်တွေကို အပြည့်ခူးမှ နှစ်ထောင်ကျပ် ရတယ်လို့ဆိုပါတယ်။ တရက် တရက် ချွေးပျံ လူပန်းအောင် အလုပ်လုပ်လည်း ၀င်ငွေကတော့ မပြောပလောက်တဲ့ ပမာဏမျှသာ ရနေတာပါ။ ဒါပေမဲ့လည်း ဆက်လက်ရုန်းကန်သွားမယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတဦးက ဆိုပါတယ်။

” မပြေဘူးလေး။ လုံး၀မပြေဘူး။ တထောင်နှစ်ထောင်ရလည်း ကဲ ဒီတိုင်းနေမှ အတူတူ တထောင်နှစ်ထောင်ရလည်း လုပ်စားရမှာပဲပေါ့။ ဒီ့ပြင် နေရာသွားလည်း ဘာလုပ်မတုန်း။ လုပ်စရာမှမရှိတာ” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

မြို့တွင်းပြန်လည်နေထိုင်တဲ့ ဒေသခံတချို့က စွယ်တော်ရွက် ခူးရောင်းရတဲ့အပြင် ထင်းခုတ်တာ၊ ကင်ပွန်းချဥ်ရွက်ခူးရောင်းတာ ၊ မန်ကျည်းသီးခူးရောင်းတာ စသဖြင့် ၀င်ငွေရှာကြပါတယ်။

ရသမျှအလုပ်ကို တတ်သလောက်လုပ်ရင်း စား၀တ်နေရေးဖြေရှင်းဖို့ ရုန်းကန်ကြပါတယ်။ ဒါပေမဲ့ အချင်းချင်းပဲ ရောင်း၀ယ်ကြတာဖြစ်လို့ ၀င်ငွေမရှိတာခြင်းအတူတူ နောက်ဆုံး ၀ယ်သူရှားပါးလာတဲ့ခါ ခူးထားတဲ့ စွယ်တော်ရွက်တွေ ကင်ပွန်းချဉ်ရွက်တွေဟာ ၀ယ်သူမရှိတော့ဘူးလို့ ဆိုပါတယ်။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ လွိုင်ကော်မြို့တွင်းမှာတော့ စစ်ကောင်စီတပ်သားတွေဟာ ပျောက်ကြားစနစ် အထိုင်စခန်းချနေတာတွေရှိပါတယ်။ ဒါ့ကြောင့် မြို့တွင်းပြန်လည်နေထိုင်တဲ့ လူထုတွေကလည်း စစ်ကောင်စီတပ်နဲ့ဝေးရာကိုပဲ တိမ်းရှောင်သွားလာကြရပါတယ်။

မြို့တွင်းနေ့စဥ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး မထင်ရင်မထင်သလို လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“ဒီဟာကြောက်စရာကြီးကို။ သူ့အသံကြားတာကြီးကိုကြောက်စရာကြီး။ ဒါကြီးများပစ်လိုက်မယ်ဆိုလို့ရှိရင် ပိုဆိုးပေါ့။ ကြောက်တော့လည်း ကိုယ်နေစရာ စားစရာ ခက်ခဲတော့နေနေရတာပဲ။ အဲ့သဘောနဲ့ပဲ ကိုယ်ကပြန်လာတာ ။ ဘေးမှာနေတယ်ဆိုတာလည်း အပိုအလျှံပါမှလေး။ အဲတာကြောင့် အပိုအလျှံမရှိတော့ ကိုယ့်နေရာကိုပဲ ပြန်လာလိုက်တာ။” လို့ လွိုင်ကော်ဒေသခံတဦးကပြောပါတယ်။

မြို့တွင်းက တချို့နေရာတွေမှာ ထိတွေ့တိုက်ပွဲတွေရှိနေဆဲဖြစ်ပေမဲ့ ပြည်သူတွေရှိနေတဲ့ တချို့ရပ်ကွက်တွေမှာ သွားလာလှုပ်ရှားနေတဲ့ ပြည်သူတွေရှိနေဆဲပါ။

စစ်ကောင်စီတပ်က ဒရုန်းဗုံး ၊ လက်နက်ကြီး၊ တိုက်လေယာဥ် တို့ကိုအသုံးပြုပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ပစ်ခတ်လေ့ရှိတာကြောင့် အဲ့လိုအချိန်တွေဆိုရင် ဒေသခံတွေက နေရပ်အတွင်း အမြဲငြိမ်၀ပ်နေကြရပါတယ်။ လမ်းသွားရင်လည်း နားစွင့်ပြီး အရှေ့မြင်ကွင်းကို သေချာစစ်ဆေးပြီးမှသာ သွားလာကြရပါတယ်။

အမြဲသတိကပ်ပြီးနေရတဲ့ကြား လက်နက်ကြီးသံကြားရင် ပုန်းဖို့နေရာရှာပါတယ်။ အသံငြိမ်သွားမှ သက်ပြင်းချရင်း အပြင်ထွက်ကာ ထိခိုက်ပျက်စီးမှု ရှိမရှိ စစ်ဆေးရှာဖွေကြပါတော့တယ်။

“အပြင်ထွက်လည်းမထွက်ရဲဘူးရော။ အိမ်မှာပဲနေတယ် ။ ရှိတဲ့သူနဲ့ ဒီမှာပဲလည်ကြတယ်ပေါ့။ ကင်ပွန်းချဥ်ရွက်သွားခူးလိုက် စွယ်တော်ရွက်သွားခူးလိုက်၊ ဖြစ်သလိုပဲစား ဖြစ်သလိုပဲနေတယ် ပေါ့နော။ အမြဲတမ်း လက်နက်ကြီးလည်းကျတော့ တိုးတိုးတိတ်တိတ်ပဲ ပုန်းနေရတာပေါ့နော။ အပြင်ထွက်ဆိုလည်း အဝေးကြီး မသွားရဲဘူးရော။ ဘာအလုပ်မှမရှိဘူးရော။ ထွက်လည်း မထွက်ရဲဘူးပေါ့” လို့ လွိုင်ကော်ဒေသခံတဦးက ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေကြောင့် အိုးအိမ်တွေ ပျက်စီးပြာကျနေတဲ့ ကရင်နီတို့ရဲ့ မြို့တော်လွိုင်ကော်မှာနေထိုင်သူတွေဟာ စစ်ဒဏ်၊ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ကြံ့ကြံ့ခံ ခံစားနေရတဲ့ကြား တနေ့ လုပ် တနေ့စား အခြေခံလူတန်းစားတို့ရဲ့ တခုတည်းသောစိတ်ဖြေရာက “ကိုယ့်အိုး၊ ကိုယ့်အိမ်နဲ့နေရတယ် ” ဆိုတဲ့ စိတ်ပါပဲ။

မြို့သိမ်းတိုက်ပွဲကြောင့် တကွဲတပြားဖြစ်ကုန်တဲ့အထဲ ပညာရေးလည်း ပြိုကွဲကုန်တာကြောင့် သားသမီးရှေ့ရေးကို တွေးပူနေကြရပြန်ပါတယ်။

ငွေရှိမှ အရာရာ ပြည့်စုံတဲ့ လောကကြီးထဲ ငွေရေးကြေးရေး မပြည့်စုံတဲ့အခါ တနေ့လုပ်တနေ့စား အခြေခံလူတန်းစားတွေက သာမာန်လူတွေထက် အဆပေါင်းများစွာ ဒုက္ခခံနေကြရပါတယ်။

ဒေသခံတွေကတော့ စစ်မဖြစ်ခင်က လွိုင်ကော်မြို့ ရဲ့ အခြေအနေမျိုးကို ပြန်ရောက်ဖို့ ၊ ပြန်ပြီး လုပ်ကိုင်စားသောက်နိုင်မဲ့အချိန်ကို စိတ်ကူးယဉ်မျှော်လင့်နေကြမှာ အမှန်ပါပဲ……..။

spot_img
spot_img

Recent posts