spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်း ကွန်နားကျေးရွာထပ်မံမီးရှို့ခံရ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဒီဇင်ဘာ ၂၀ရက်) မနက် ၇နာရီခွဲဝန်းကျင် ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်၊ လွိုင်လင်အရှေ့ဖက်ခြမ်းရှိ ကွန်းနားကျေးရွာ နေအိမ်တွေ ထပ်မံမီးရှိုခံရပြီး နေအိမ်အလုံး ၂၀ကျော်ရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“များတယ် ၂၀ကျော်လောက်ရှိပြီထင်တယ် အတိအကျတော့မပြောနိုင်သေးဘူး။ ရှို့နေတယ် အဲ့မှာ မီးခိုးထွက်နေတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့မှာလည်း နောင်လုံနဲ့ ကွန်နားကျေးရွာက ဒေသခံအိမ်ခြေ ၂၀ဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ကျော်ရှိတဲ့ လွိုင်လင်လေး အခြေစိုက် ခလရ ၅၃၀တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေ၊ သေနတ်ဖောက်တာတွေ ပြုလုပ်ပြီး ရွာအတွင်းက စပါးကျီနဲ့ နေအိမ်တွေကို အဓိက မီးရှို့သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် အနီးအနားက ကျေးရွာပေါင်း(၁၂)ရွာ၊ လူဦးရေ ငါးထောင်ခန့် စစ်ရှောင်နေရပြီး စစ်ရှောင်တွေ ထပ်တိုးလာနိုင်တယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

“ လွိုင်လင်လေးအရှေ့ဖက်တစ်လျှောက် ကျေးရွာက အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ် ရွာတိုင်း ရွာလုံးကျွတ်ထွက်ပြေးရတယ်။ အခက်အခဲကတော့ တစ်ချို့က ဆန် စပါးတွေ ထော်လဂျီစက်တို့ ကားတို့မရှိတော့ သူတို့မသယ်သွားလိုက်ရဘူး ရွာမှာအကုန်ထားခဲ့ကြတာ။ စစ်ခွေးလည်း ရွာမီးရှို့ပြောသံကြားတော့ သူတို့မျက်ရည်ကျတာ ညညဆို သူတို့တော့ မအိပ်ကြတော့ဘူး။ ရေလည်းရှားပါးနေတော့ ရေခပ်လို့အဆင်မပြေကြဘူး။ တစ်ချို့ကျ ထော်လာဂျီ၊ ကား ရှိပြန်တော့လည်း ဓတ်ဆီ၊ ဒီဇယ်မရှိ ဝယ်လို့လည်းမရ။ ရှိတဲ့ဟာနဲ့ပဲ ချွေတာသုံးနေကြရတယ်။ ရေရှည်ဆိုဘယ်လိုလုပ်ရမှန်းမသိဘူး။” လို့ ကွန်းနားကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အဆိုပါကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်( KA)၊ KNDF ပူးပေါင်းတပ်တို့ တိုက်ပွဲ ၅ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကယား(ကရင်နီ) ပြည်နယ်အတွင်း လူနေအိမ်စုစုပေါင်း ၂၆၅ လုံး ၊ ဘာသာရေးအဆောက်အုံ ၆ လုံး ၊ ကျေးလက်ဆေးပေးခန်း ၁ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းအရသိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲတာတွေရှိနေသေးတဲ့အတွက် ဒေသခံတွေ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ တစ်ပြည်နယ်လုံး စစ်ဘေးရှောင်သူစာရင်း တစ်သိန်းခွဲကျော်ရှိနေပါတယ်။

spot_img
spot_img