spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်မှာ နေရပ်ပြန်သူ တစ်ချို့ရှိနေပေမယ့် စိုးရိမ်မှုရှိနေကြဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်မှာ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် တစ်ချို့မြို့ပေါ်ရပ်ကွက်တွေမှာ နေရပ်ပြန်လည် နေထိုင်သူ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်မှာ ပြန်လာနေတဲ့ ဒေသခံတစ်ဦးကတော့ သေနတ်သံတွေ ကြားပေမယ့် ပြန်လာနေနေတယ်လို့ ဆိုပါတယ်။

“၃ ရက်နေ့ကပြန်လာနေတာပါ။ အိမ်ဘေးပတ်ဝန်းကျင်မှာတော့ ပြန်လာနေကြတယ်။တခါတလေ သေနတ်ပစ်သံတွေတော့ ကြားရတယ်။ တခါတလေ ထုသံတွေကြားရတယ် ဘယ်ဘက်က အသံလည်းတော့မသိရဘူး။ တောင်စျေးတော့သွားလို့ရတယ်။”

မြို့ပေါ်နဲ့နီးတဲ့ တချို့ရွာတွေမှာလည်း တစ်အိမ်တစ်ယောက် အိမ်ပြန်လာနေကြတာတွေ တွေ့နေရတယ်လို့ လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာက ဒေသခံတစ်ီဦးက ပြောပါတယ်။

“ ရာခိုင်နှုန်းနဲ့ ပြောရရင် ၄၀ရာခိုင်နှုန်းတော့ရှိတယ်။ အိမ်တိုင်းတော့ တစ်အိမ်တစ်ယောက်တော့ ပြန်ရှိပြီ။ မိသားစုလိုက်ပြန်လာတာတော့ တစ်ရွာလုံး တစ်ရွာလုံး အဲ့လိုတော့ မပြန်လာသေးဘူးဗျ။ “

လွိုင်ကော်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားတဲ့ မိုင်းလုံး၊ ဒေါဥခူရပ်ကွက်တို့မှာ ပြန်လာနေထိုင်သူ မရှိဘူးလို့သိရပါတယ်။

မိုင်းလုံးရပ်ကွက်ဒေသခံလူငယ်တစ်ဦးက တစ်ခြားပြည်နယ်မှာ စစ်ရှောင်ရတာ အခက်အခဲတွေ ရှိနေပေမယ့် နေရပ်မပြန်ရဲသေးဘူးလို့ ပြောပါတယ်။

“ အခုတော့ လူတွေက ပြန်ပြီဆိုတဲ့ သတင်းလည်းကြားတယ်ပေါ့နော။ အချင်းချင်းကြားမှာ မေးကြည့်တော့ ပြန်နေတဲ့လူ တော်တော်များများရှိနေပါပြီ။ ဒါပေမယ့် ပြန်တဲ့လူ တော်တော်များများက တိုက်ပွဲနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိတဲ့ ရပ်ကွက်တွေဖြစ်တယ်ပေါ့နော။ ကျနော်တို့ အနေအထားက ဘာဖြစ်လဲဆိုတော့ ကျနော်တို့ နေတဲ့ ရပ်ကွက်က တိုက်ပွဲထိတွေ့မှုတွေ ရှိနေတဲ့ ရပ်ကွက် ကျနော်တို့ အိမ်ကိုယ်တိုင်က လက်နက်ကြီးနဲ့ ထိနေတဲ့ အနေအထားမှာဆိုတော့ လောလောဆယ်တော့ ကျနော်တို့ မပြန်ရဲသေးဘူးပေါ့နော။ ပထမတစ်ချက်ကတော့ လုံခြုံရေးပေါ့နော။ ကျနော်တို့ရဲ့ လုံခြုံရေး အရပြန်လို့ မရသေးဘူး။ ပြန်ခဲ့ရင်တောင် ကိုယ့်ရပ်ကွက်ထဲကို ပြန်ဝင်လို့ ရမယ် မဟုတ်သေးတဲ့ အနေအထားဖြစ်တဲ့အတွက် ကျနော်တို့က မပြန်ဖြစ်သေးဘူးပေါ့နော။ ဒါပေမယ့် ဒါကတော့ ကျနော်တို့ အဓိက မပြန်ရသေးတဲ့ အကြောင်းအရင်းပေါ့နော။ “

လက်ရှိအချိန်မှာတော့ နေရပ်ကိုမပြန်သေးဘဲ အတတ်နိုင်ဆုံး ရှောင်ခိုင်းစေချင်တယ်လို့ KNDF B-12 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ အခုလောလောဆယ်တော့ ဒီအခြေအနေ ဒီကာလဘက်မှာတော့ ကျနော်တို့ ပြောချင်တာကတော့ ဒီပြည်သူတွေကို အတတ်နိုင်ဆုံး ရှောင်စေချင်တယ်လေ။ သူတို့ကို တစ်ချို့ကတော့ ဒီလိုကောလဟာလ သတင်းတွေ လွင့်တာတွေ ရှိတယ်။ ပြန်လာနေလို့ရပြီ။ ဘာမှ မဖြစ်ဘူးဆိုတဲ့ ဟာလေးတွေရှိတယ်ပေါ့နော။ တကယ်တမ်းဆိုရင်တော့ ကျနော်ကတော့ ဒီကာလတစ်ခုမှာတော့ ဒီလိုရှောင်နေတာ အကောင်းဆုံးလို့ဘဲ ပြောချင်ပါတယ်။ “

လွိုင်ကော်မြို့ပေါ်မှာ ၂၀၂၂ခုနှစ်ဇန်နဝါရီလ ၆ရက်နေ့မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းတွေနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံနှစ်သောင်းနီးပါး စစ်ဘေးရှောင်ခဲ့ရပါတယ်။

လွိုင်ကော်မြို့နယ်မှာ တစ်ချို့နေရာတွေမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်တာလည်း ရှိနေပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းကို စစ်ရှောင်တဲ့သူတွေရှိသလို တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြသူတွေလည်း ရှိနေပြီး စုစုပေါင်း ဒေသခံ စစ်ဘေးရှောင် တစ်သိန်းခုနစ်သောင်းရှိနေပါတယ်။

spot_img
spot_img

Recent posts