spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းပေါင်း ၅၀ ကျော် ဖွင့်လှစ်နေပေမယ့် ဆရာလုံလောက်မှုမရှိ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်အတွင်း စစ်ကောင်စီလက်အောက်ခံ ကျောင်းပေါင်း (၅၅) ကျောင်း ဖွင့်လှစ်နေပေမယ့် ကျောင်းသားကျောင်းသူ ဦးရေများနေပြီး သင်ကြားပေးမယ့် ဆရာ/ဆရာမ မလုံလောက်ဘူးလို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။

အာဏာမသိမ်းခင် လွိုင်ကော်မြို့နယ်အတွင်း အစိုးရကျောင်း (၁၂၅) ကျောင်း ရှိတဲ့အနက် လက်ရှိမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တာရား လည်ပတ်နိုင်တဲ့ မြို့ပေါ်တွေမှာသာ ကျောင်းဖွင့်လှစ်နိုင်တာ ဖြစ်ပါတယ်။

ကျောင်းတွေဖွင့်လှစ်ထားပေမယ့် ဆရာ/မ မလုံလောက်မှုကြောင့် G- 10 အတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ/သားတွေကို မူလတန်း အတန်းတွေဖြစ်ကြတဲ့ KG နဲ့ G-1 အတန်းတွေကို တစ်ဆင့် ပြန်သင်ကြားခိုင်းတာတွေရှိတယ်လို့ ဆိုပါတယ်။

“ ကျောင်းဆရာ၊ ဆရာမတွေလည်း မလုံလောက်ဘူးလို့ပြောတယ်။ ကလေးတွေတအားများတော့ ဆရာ၊ ဆရာမ မလုံလောက်တဲ့အတွက် အခန်းထဲ ဆရာမ တခါဝင်ရင် စာပဲရေးထားခိုင်းတယ်။ သူတို့ စောင့်ကြည့်ဖို့ အချိန်မရှိဘူး။ အငယ်တန်းတွေကို အတန်းကြီးတွေနဲ့ သွားကြည့်ခိုင်းတာမျိုး လုပ်တယ် လို့ အငယ်ဆုံးသားက ပြန်ပြောပြတယ်။”လို့ လွိုင်ကော်မြို့ စစ်ကောင်စီလက်အောက်ခံ ကျောင်းတစ်ကျောင်းမှ ကျောင်းသားတစ်ဦးရဲ့ မိဘတစ်ဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်း လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြို့ခံတော်တော်များများက စစ်ဘေးရှောင်ကြပြီး ကျောင်းမနေလိုက်ရတဲ့ ကလေးတွေဟာ လက်ရှိကျောင်းပြန်တက်တဲ့ အခါမှာ အရင်တက်ခဲ့ဖူးတဲ့ အတန်းကိုပဲ ပြန်တက်ရတာကြောင့် ကျောင်းသားဦးရေများတာ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီပညာရေးကို လေ့လာသူတစ်ဦးက ပြောပါတယ်။

“G -1 ကလေးတွေက အရမ်းများတော့ ကျောင်းတိုင်းကျောင်းတိုင်းမှာ ၆ နှစ်ပြည့်တဲ့ ကလေးတွေရယ် စစ်ရှောင်က အသက်အရွယ်အလိုက် အတန်းတက်ခွင့်မရဘဲနဲ့ ပြန်လာြပီးတော့ G -1 ကနေ ပြန်လာ နေရတဲ့ ကလေးတွေရှိတာပေါ့နော် အဲတော့ ကျောင်းနေတဲ့ ရာခိုင်နှုန်းက များပါတယ်။ အတန်းတက်ခွင့် မရတဲ့အတွက် နေခဲ့ရတဲ့(ကျောင်းမတတ်တဲ့) ကလေးတွေလည်း ၂၀ ရာခိုင်နှုန်းလောက်ရှိတာပေါ့။” သူက ပြောပါတယ်။

ဒါ့အပြင် ငွေကြေးတတ်နိုင်တဲ့ မြို့ခံတွေဟာ ၎င်းတို့ရဲ့သားသမီးတွေကို စစ်ကောင်စီလက်အောက်ခံကျောင်းတွေမှာ ကျောင်းမတက်ခိုင်းကြပဲ ကိုယ်ပိုင်ကျောင်းနဲ့ အွန်လိုင်းမှ နိုင်ငံတကာကျောင်း ( International School ) တွေကိုပဲ တက်ခိုင်းကြတာရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကျောင်းတက်တဲ့သူအများစုမှာ ငွေးကြေးမတတ်နိုင်တဲ့ လူလတ်တန်းစားတွေနဲ့ စစ်ရှောင်တွေဖြစ်တယ်လို့ စစ်ကောင်စီပညာရေးကို လေ့လာသူတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ အာဏာမသိမ်းခင်အထိ အစိုးရကျောင်း (၄၅၉) ကျောင်း ရှိတဲ့အနက် လက်ရှိ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှာ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုခရိုင်၊ ဘောလခဲခရိုင် နဲ့ မယ်စဲခရိုင် မှ မြို့နယ်ပေါင်း ကျောင်းပေါင်း (၁၀၉) ကျောင်းဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၉၀၀၀) ကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ စာရင်းအရ သိရပါတယ်။

spot_img
spot_img

Recent posts