spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်ရပ်ကွက်ကို စစ်ကောင်စီမှ မီးလောင်ဗုံးများဖြင့် ကြဲချမီးရှို့၊ နေရပ်မပြန်ကြသေးဖို့ KNDF တိုက်တွန်း

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က ဒရုန်း၊ အဝေးပစ် မီးလောင်ဗုံးတွေနဲ့ ကြဲချမီးရှို့တာကြောင့် ဒေသခံတွေရဲ့ နေအိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းအချိန်မှာ နှစ်ဖက်တိုက်ပွဲမရှိဘဲ တစ်ဖတ်သတ် မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွှေတောင် ၊ မင်္ဂလာ ၊ ပိုးဇာခြံ စတဲ့ ရပ်ကွက်ထဲက နေရာ (၅) နေရာမှာ မီးလောင်ဗုံးကျရောက်ပြီး နေအိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ရှိနေသလို စစ်ကောင်စီဖက်မှ လက်နက်ကြီး ၊ ဒရုန်း ၊ လေကြောင်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် မြို့ပေါ် ရပ်ကွက်အတွင်း မပြန်ကြသေးဖို့ KNDF က တိုက်တွန်းထားပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ နေ့စဉ်ရက်ဆက် ပစ်ခတ်မှု ရှိနေပေမဲ့ ရပ်ကွက်တချို့မှာတော့ ပြည်သူတွေ အသွားအလာရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ပြည်သူတွေကတော့ ဟို့အရင်ကတည်းက ပုံစံအတိုင်းပဲ။ တိုက်ပွဲဘယ်လောက်ပြင်းထန်ပြင်းထန် ဝင်လိုက်ထွက်လိုက် တော့ရှိနေကြတာပဲ။ ပုံမှန်ပါပဲ အဲ့လိုနည်းသွားတာတို့ များသွားတာတို့ မရှိပါဘူး။ ဒါပေမဲ့ အဲ့လို စစ်တပ်ဖက်တွေပေါ့နော် ဥပမာ ကြည်သာယာတို့ နမ့်ဘော်ဝမ်တို့ အဲ့လို စစ်တပ်နဲ့ မလှမ်းမကမ်းနေရာတွေပေါ့နော်။ စစ်တပ်မိသားစု များတဲ့နေရာတွေမှာတော့ သူတို့ရှိနေကြတယ်။ အဲ့နားက ပြည်သူတွေတော့ အဲ့လိုပဲ နေနေကြတယ်ပေါ့။”လို့ သူက ပြောပါတယ်။

လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ နေအိမ်ပြန်ကြည့်တာ၊ ပစ္စည်းပြန်ယူတာတွေ တတ်နိုင်သလောက် မပြုလုပ်ကြသေးဘဲ လုံခြုံရေးကို ဦးစားပေးပြီး စစ်ရေးသတိရှိကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

spot_img
spot_img