spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ် ရပ်ကွက်မှာ လက်နက်ကြီးကျရောက်မှုကြောင့် ကလေးအပါအဝင် သေဆုံးမှုများ

ကန္တာရဝတီတိုင်း(မ် )

ကရင်နီပြည် လွိုင်ကော်မြို့ ပေါ် က ပိုးစာခြံနဲ့ မိုင်းလုံးရပ်ကွက်အတွင်းကို ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်နေ့ ညနေ ၂ နာရီကျော်အချိန်က လက်နက်ကြီးကျရောက်ခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၅ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“မိုင်းလုံးမှာ လက်နက်ကြီးကျတာ လူ ၂ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်။ ရပ်ကွက်ကသူတွေက အတည်ပြုပေမယ့် အဲ့ဒီထက်လည်း များနိုင်သေးတယ်။ ဒဏ်ရာရတဲ့ ကလေးတွေလည်း အခု အရေးပေါ်ဆေးကုသမှု ပေးနေရတယ်။” လို့ မိုင်းလုံးဒေသခံ တစ်ဦးက ပြောပါတယ်။

ထိခိုက်သေဆုံးသွားတဲ့အထဲ မိုင်းလုံးရပ်ကွက်က သားအမိနှစ်ဦးလည်း ပါဝင်ပြီး သမီးဖြစ်သူမှာ အသက် ၇နှစ်ဝန်းကျင်သာ ရှိသေးတယ်လို့ သိရပါတယ်။ မိုင်းလုံးရပ်ကွက်နဲ့ ထိစပ်နေတဲ့ ပိုးစာခြံဘက်မှာလည်း လက်နက်ကြီးကျရောက်ပြီး ထိမှန်သေဆုံးသူ ၃ဦးရှိပေမယ့် အတိအကျကိုတော့ မသိရှိသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

“ ထိခိုက်ဒဏ်ရာရတဲ့သူတချို့ကတော့ ဒဏ်ရာတော်တော်ပြင်းထန်တယ်။” လို့ လွိုင်ကော်မြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ တစ်ရက်တည်း လက်နက်ကြီးထိမှန်သေဆုံးသူ များပြားနေပြီး အတိအကျစာရင်းကိုတော့ မသိရှိရသေးပါဘူး။

စစ်ကောင်စီကတော့ မနက်စောပိုင်းကစပြီး ညပိုင်းအထိ လက်နက်ကြီးတောက်လျှောက်ပစ်ခတ်မှုအပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်နေတဲ့နေရာအပြင် အနီးအနားမှာရှိတဲ့ ရပ်ကွက်တွေအထိ လက်နက်ကြီးပစ်ခတ်တာတွေ တိုက်ခိုက်ရေးသုံး လေယာဥ်တွေနဲ့ လာ‌ရောက်ဗုံးကြဲတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားပြီး ၃ရက်အတွင်း လက်နက်ကြီးကြောင့်သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၂၀ ဦးထိရှိလာပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ က ဒီကနေ့ မှာ ပြောထားပါတယ်။ လက်ရှိအချိန်အတွင်း လွိုင်ကော်၊မိုးဗြဲ၊ ဖယ်ခုံမြို့ရှိ ပြည်သူ သုံးသောင်းခွဲခန့် ဘေးလွှတ်ရာကို တိမ်းရှောင်နေရပြီး ထပ်မံတိမ်းရှောင်ပေးကြဖို့လည်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) က ပြောဆိုထားပါတယ်။

spot_img
spot_img