spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပြင်ပတ်လည်မှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားနေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဒီကနေ့ ( နိုဝင်ဘာလ ၁၁ ရက်နေ့ ) မနက်အစောပိုင်းကနေစပြီး ကရင်နီပြည် လွိုင်ကော်မြို့ပြင်ပတ်လည်မှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“မနက် ၅ နာရီကတည်းက စပြီး ပစ်ခတ်သံတွေကြားနေရတယ်။ မြို့ထဲတွေမှာ လူတွေတော့ ပုံမှန်ပဲ သွားလာနေကြတယ်။ အသွားအလာကတော့ ပါးသွားတယ်။” လို့ လွိုင်ကော်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ယမန်နေ့ တစ်ညလုံးလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာမျိုးတွေရှိခဲ့ပါတယ်။
“အခုချိန်အထိတော့ လက်နက်ကြီး လက်နက်ငယ်သံတွေကြားနေရတယ်။ ဒါပေမယ့် ဘားမှတော့ မပြင်ဆင်ထားဘူး။ ဒီအတိုင်းပဲ အိမ်မှာပဲနေတယ်။ ထွက်ပြေးရမလားမပြေးရဘူးလားဆိုတာလည်း မသိသေးဘူး။” လို့ လွိုင်ကော်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေဟာ စစ်ကောင်စီ ဂိတ်တွေရှိတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ထေးဌားလျားကျေးရွာ၊ ရေယိုကျေးရွာ၊ နာနတ်တောရပ်ကွက်၊ ချိကယ် စတဲ့ နေရာတွေမှာ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေပြောဆိုကြပါတယ်။

“ လောလောဆယ်တော့ စစ်ဆင်ရေးအသေးစိတ်အချက်အလက်တွေကို ပြောလို့မရသေးပါဘူး။ ပြီးရင်တော့ ကျနော်တို့ အားလုံးထုတ်ပြန်ပေးပါမယ် “ လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနဲ့
ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း( မ် )ကို ပြန်လည် ဖြေကြားပါတယ်။

လွိုင်ကော်ရှိပြည်သူတွေအနေနဲ့လည်း အပြင်ကို သွားလာခြင်းမပြုကြဖို့နဲ့ အထူးသတိထားကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) စစ်ရေးချုပ် ခူးရီးဒူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူထုတွေကို သတိပေးထားပါတယ်။

လက်ရှိမှာတော့ ရေယိုကျေးရွာဘက်မှာ မီးခိုးငွေ့တွေ တွေ့နေရတယ်လို့ အနီးအနားကျေးရွာက ဒေသခံတွေက ပြောဆိုကြပါတယ်။ တိုက်ပွဲအခြေအနေအသေးစိတ်နဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ မသိရှိရသေးသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အသီးသီးထုတ်ပြန် ပြောဆိုထားတာတွေလည်း မရှိသေးပါဘူး။

spot_img
spot_img

Recent posts