spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ တစ်ပတ်အတွင်း လေကြောင်းပစ်ခတ်မှု ၁၇၈ ကြိမ်ရှိခဲ့

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့မှာ ယခုပတ်အတွင်း စစ်ကောင်စီဘက်က‌ လေကြောင်းနဲ့ ပစ်ခတ်မှု ၁၇၈ ကြိမ်ရှိခဲ့တယ်လို့ ကရင်နီလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ – KHAI က ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီပစ်ခတ်မှုတွေဟာ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၄၊ ၁၅၊ ၁၆ ရက်တွေမှာတော့ ပစ်ခတ်မှုအများဆုံးဖြစ်နေခဲ့ပြီး တစ်ရက်အတွင်း ၃၅ ကြိမ်အထိ ရှိခဲ့တာပါ။

လွိုင်ကော်မြို့ပေါ်မှာ ယခုပတ်အတွင်း တိုက်လေယာဥ်တွေနဲ့ စစ်ကောင်စီဘက်က ၁၀ မိနစ်တစ်ကြိမ် လာရောက်ပစ်ခတ်တာတွေ ရှိနေတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောဆိုကြပါတယ်။

“အခုလက်ရှိ တိုက်ပွဲဖြစ်ပေါ်နေတဲ့ နေရာတွေမှာ များတယ်ပေါ့နော။ အဓိက ဒေါနိုးကူ၊ ဒေါဥခူ၊ နောင်ယား၊ ထေးဌားလျားတစ်ကြော အဲဒီမှာတွေများမယ်။” လို့ လွိုင်ကော်မြို့က စစ်ရှောင်ကူညီသူတစ်ဦး ပြောပြထားပါတယ်။

၆ ရက်အတွင်း အရပ်သား ပြည်သူ ၁၇ ဦးလောက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတယ်လို့ KHAI ရဲ့ ကောက်ယူပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူတွေဟာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နဲ့ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးတာ ၃၃ ဦး ရှိနေပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကနေ ၁၁.၁၁ စစ်ဆင်ရေးကို ပြုလုပ်ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေပါတယ်။ ယနေ့အထိ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပါတယ်။

တိုက်ပွဲအခြေအနေအသေးစိတ်နဲ့ပတ်သက်ပြီး ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တိုက်ပွဲပြင်းထန်နေသေးတဲ့အတွက် အသေးစိတ်ဖြေကြား မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ တပ်စွဲထားတဲ့စခန်း ၈ ခုနဲ့ မိုးဗြဲမြို့က ကျေးရွာတွေမှာ တပ်စွဲထားတဲ့ ခြေကုပ်စခန်း ၈ ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီလို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ယခု သီတင်းပတ် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

spot_img
spot_img