spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးသူနှစ်ဦး ထိခိုက်ဒဏ်ရာရသူ လေးဦးအထိရှိနေ

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့နယ် ပဒါးညေးကျေးရွာက နေအိမ်တစ်လုံးမှာ လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးနှစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်လို့ ဒေသခံ တစ်ဦးက‌ ပြောပါတယ်။

ယမန်နေ့ ဧပြီလ ၆ရက်နေ့ ညနေ ၃နာရီဝန်းကျင်အချိန်က အိမ်ရှေ့မှာ ထိုင်နေကြချိန် ကျရောက်ခဲ့တာြဖစ်ပြီး နှစ်ဦးက ပွဲချင်းပြီးဆုံးသွားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ ထိသွားတာကတော့ အပြင်းအထန်ထိသွားတာက သုံးဦးပေါ့နော။ သုံးဦးမှာ နှစ်ဦးကတော့ ဆုံးသွားပြီ။ ဆုံးသွားတဲ့ နှစ်ဦးကတော့ အမျိုးသမီးပေါ့နော။ ကျန်တဲ့ သုံးဦးကတော့ သူတို့အပေါ်ဘက်မှာ လွင့်ထွက်သွားတာ ပြည်သူ့ဆေးရုံမှာ တင်ထားတာပေါ့နော။ ကျန်တဲ့သုံးဦးကတော့ နည်းနည်းပါးပါး အနည်းအကျဉ်းပဲ ထိတယ်ပေါ့နော။ “ လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူမှာ အသက် ၄၆နှစ်အရွယ် မနုနဲ့ အသက် ၃၆နှစ်အရွယ် မမိအေးတို့ ဖြစ်ပြီး မောင်နှမတွေ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၅၂နှစ်အရွယ် ဦးဝင်းနိုင် ၊ အသက် ၂၉နှစ်အရွယ် မနောင်ဦးဖြူ ၊ အသက် ၃၉နှစ်အရွယ် မဦး ၊ အသက် ၇၀အရွယ် ဒေါ်ပွန်တို့က ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လွိုင်ကော်မြို့ဟာ ဇန်နဝါရီလအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ဘေးရှောင်ခဲ့ကြပါတယ်။ မတ်လအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားမှု နည်းပါးလာတာကြောင့် ပြန်လည်နေထိုင်သူရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ် ဒေါဥခူရပ်ကွက်မှာ ကလေးငယ်နှစ်ဦးခြံအတွင်း ဆော့ကစားရင်း ဗုံးထိမိပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူဦးရေ ၂၄၇ဦးအထိရှိနေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ဧပြီလ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img