spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ ၁ လေးလုံးစစ်ဆင်ရေးရဲ့ ၂၆ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းရဲ့ ၁ လေးလုံးစစ်ဆင်ရေးဟာ ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ၂၆ ရက်မြောက်နေ့အထိ ရှိလာပြီဖြစ်ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မြို့ခံတချို့ဟာလည်း မြို့ထဲကနေ ဆက်လက်ထွက်ခွာ တိမ်းရှောင်သူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“လွိုင်ကော်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဘဲ၊ စစ်ရှောင်တွေလဲ ဆက်ပြီးထွက်နေကြတဲ့သူတွေလဲ ရှိနေသေးတယ်။” လို့ KNDF ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

၁ လေးလုံး စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ရက်ပေါင်း ၂၀ အတွင်း စစ်ကောင်စီတပ်ဟာ ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှု (၃၆၇) ကြိမ်အထိ အဆမတန် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီပြည် တပ်မတော် KA ရဲ့ စာရင်းအရ သိရှိရပါတယ်။

ဒါ့အပြင် လက်နက်ကြီးတွေကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို ရမ်းသန်းပစ်ခတ်တာကြောင့် အရပ်သား သေဆုံးသူ ၇၆ ဦးထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူ ၂၄ ဦးအထိ ရှိတယ်လို့ KHAI ရဲ့ စာရင်းအရ သိရှိရပါတယ်။

“လေကြောင်းတိုက်ခိုက်မှုတော့ လုပ်နေဆဲဘဲ။ ဒီရက်ပိုင်းတော့ နဲနဲကျဲတယ်”လို့ KNDF ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ ၁ လေးလုံးစစ်ဆင်ရေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ စတင်ဆင်နွှဲခဲ့ကြပြီး ဒီကနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကာ စစ်ကောင်စီတပ်ဖက်က ထိခိုက်သေဆုံးမှုတွေ များပြားနေသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိနေပါတယ်။

spot_img
spot_img

Recent posts