spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့အထွက် အမှတ်(၂) ပန်ကန်းဂိတ်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့အထွက်ဖြစ်တဲ့ လွိုင်ကော်- ဒီးမော့ဆို ကုန်စည်စီးဆင်းနေတဲ့ အမှတ်(၂) ပန်ကန်းဂိတ်ကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ လွိုင်ကော်မြို့ အရေးပေါ် စီမံထိန်းသိမ်းရေးကော်မတီ (လူထုနဲ့တပ်ပေါင်းစု) က မနေ့က ဧပြီလ ၃၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါလမ်းကြောင်းဟာ ပြည်သူလူထုအတွက်အပါအဝင် တော်လှန်ရေးအင်အားစုများအတွက်ပါ အန္တာရာယ်ရှိတာကြောင့် လုံခြုံရေးအရ ပိတ်ပင်ထားတာဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“အမှန်တော့ အဲ့လမ်းကြောင်းက စစ်ရေးအရ အန္တရာယ်ရှိတာပေါ့နော်။ နှစ်ဖက်လုံးအန္တာရာယ်ရှိတယ်။ နှစ်ဖက်လုံးဆိုတာက ပြည်သူဖက်လည်း အန္တာရာယ်ရှိတယ် ကျနော်တို့ တော်လှန်ရေးအင်အားစုလည်း အန္တာရာယ်ရှိတာပေါ့နော်”လို့ ဦးဗညားက ဆိုပါတယ်။

အဆိုပါ လမ်းမကြီးဖြစ်တဲ့ ဒီးမာ့ဆို-လွိုင်ကော်လမ်းဟာ စစ်ကောင်စီဖက်ကလည်း ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုနေတာရှိတယ်လို့လည်း ဦးဗညားက ဆက်ပြောပါတယ်။

“စစ်ကောင်စီတပ်ရဲ့ ထောက်ပို့တချို့တွေက အဲ့ဖက်လမ်းကြောင်းကနေ ပြန်ဝင်တာပေါ့နော်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ စစ်ကောင်စီဘက်တော်သားတွေက ကျနော်တို့ ဒီးမော့ဆို အနောက်ဖက်ခြမ်းကို ဒီလမ်းမကြီးအတိုင်း ဆင်းလာပြီးတော့မှ ဆန်၊ဆီ၊ဆား တွေ စားနပ်ရိက္ခာ ဝယ်တဲ့ဟာတွေလုပ်တာပေါ့နော်”လို့ သူက ပြောပါတယ်။

ဒီကနေ့ မေလ ၁ ရက်နေ့ကနေစပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားမှာဖြစ်တာကြောင့် လွိုင်ကော်မြို့ အရေးပေါ် စီမံထိန်းသိမ်းရေးကော်မတီ ကနေ တစုံတရာထုတ်ပြန်ခြင်းမရှိသေးသရွေ့ ပြည်သူတွအနေနဲ့ အဆိုပါလမ်းကြောင်းကို သွားလာခြင်း မပြုလုပ်ကြဖို့ ထုတ်ပြန်ချက်ထဲမှာ မေတ္တာရပ်ခံထားပါတယ်။

spot_img
spot_img