spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက ထပ်တိုးစစ်ရှောင် ၅ထောင်အတွက် စားနပ်ရိက္ခာ နဲ့ ဆေးဝါးလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်လူဦးရေ ၅ထောင်အတွက် စားနပ်ရိက္ခာ နဲ့ ဆေးဝါး လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေတဲ့ ကယားလီဖုလူငယ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေထဲမှာ နာတာရှည်ရောဂါခံစားရသူတွေနဲ့ ကလေးသူငယ်တွေ များပြားနေပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။

“အထူးသဖြင့် အသစ်ရောက်လာတဲ့သူတွေအတွက် အခက်အခဲရှိတာပေါ့နော။ ကျန်းမာရေးပိုင်းဆိုင်ရာဆိုရင်တော့ သူတို့အသစ်ရောက်လာတော့ လက်လှမ်းမမှီတဲ့ဟာတွေရှိတယ်။ နာတာရှည်ရောဂါခံစားရတဲ့သူတွေပါလာတယ်။ ကလေးငယ်ဖျားနာတဲ့သူတွေပါလာတယ်။ သူတို့အတွက် ဆေးခန်းတွေဘာတွေပြဖို့က အခက်ခဲဖြစ်နေသေးတယ်” လို့ ကယားလီဖုလူငယ် အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှာ ၁ လေးလုံးစစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်အရှေ့ဘက်ခြမ်းကို စစ်ရှောင်တွေ ထပ်မံရောက်ရှိလာတာဖြစ်ပါတယ်။ ထပ်တိုးလာတဲ့ စစ်ရှောင်တွေအပြင် ယခင် ရှိနှင့်ပြီးသား စစ်ရှောင်လူဦးရေ (၁၂၅၀၀) ကျော်အတွက်လည်း စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေတယ်လို့ သိရပါတယ်။

ရောက်ရှိလာတဲ့ စစ်ရှောင်တွေအထဲ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကနေ ထပ်ဆင့်တိမ်းရှောင်လာတဲ့သူတွေအတွက် ပိုမိုလိုအပ်နေတယ်လို့ ကယားလီဖုလူငယ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“လိုအပ်တာတော့ အကုန်လိုအပ်နေကြတယ်။ ဘာမှ ပါမလာကြတာများတယ်ကော။ အမျိုးသမီးတွေလည်း လစဥ်သုံးတွေ လိုအပ်တယ်ဆိုပြီး တင်ပြလာတာရှိတယ်။ လက်ရှိက ဆီဆိုင်ဖက်က ပြန်လာတဲ့စစ်ရှောင်တွေက ပိုလိုအပ်တယ်လို့မြင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အဖက်ဖက်က လိုအပ်ချက်တွေများပြားလာတာကြောင့် ပြည်တွင်း၊ ပြည်ပအလှူရှင်တွေ ကူညီလှူဒါန်းပေးကြဖို့ ကယားလီဖုလူငယ် အဖွဲ့က တောင်းဆိုထားပါတယ်။

spot_img
spot_img