spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ ထူဒူငံသမှာ သားအမိနှစ်ယောက်အလောင်းကို တွေ့ရှိ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ ထူဒူငံသရွာမှာ သေဆုံးနေတဲ့ သားအမိနှစ်ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့တွေ့ရှိရပြီး လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုက မြေမြှပ် သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူမှာ အသက် (၂၃)နှစ်အရွယ် သားဖြစ်သူ စောဒါးထူး နဲ့ အသက် (၆၃)နှစ်အရွယ်မိခင်ဖြစ်သူ ဒေါ်မူတတို့ဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ လူမှုကူညီရေးအသင်းက မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

“နေအိမ်မှာကျန်ရစ်ခဲ့တဲ့ သားအမိနှစ်ယောက်သတ်ဖြတ်ခံရတယ်။ သားကိုတော့ မီးလောင်တဲ့နေအိမ်ထဲ ပစ်ထည့်ထားတယ်။ အမေဖြစ်သူကိုတော့ အမှိုက်ကျင်းထဲ ပစ်ထားတယ်လို့ သိရတယ်။ဒီရက်မှပဲအလောင်းတွေ့တယ်လို့သိရတယ်။ လူမှုကူညီအသင်းက မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့တယ်။ စိတ်မကောင်းဘူး နေ့တိုင်းလိုလို လွိုင်ကော်မှာ သတ်ဖြတ်ခံရတဲ့သူကများနေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်မှာ ထူဒူငံသရွာမှာ ဒေသခံနေအိမ် ၃လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ်မှာရှိတဲ့ ဒေသခံတွေကို ဖမ်းဆီးပြီးသတ်ဖြတ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ယမန်နေ့မှာလည်း လွိုင်ကော်မြို့ ရေယိုကျေးရွာက နေအိမ်တစ်အိမ်ရဲ့ အိမ်သာကျင်းမှာ နာနတ်တော နဲ့ နောင်ယားရပ်ကွက်က ပျောက်ဆုံးသူတွေလို့ ယူဆရတဲ့ ဒေသခံလူငယ် ၆ ဦး သေဆုံးတာကိုတွေ့ရှိခဲ့ရပါတယ်။

လွိုင်ကော်မြို့ ရပ်ကွက်ပေါ်မှာ ဇန်နဝါရီလ ၆ ရက်နေ့မှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံသောင်းချီ စစ်ဘေးရှောင်ခဲ့ရသလို စစ်ကောင်စီရဲ့လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုနဲ့ ရဟတ်ယာဉ်၊ တိုက်လေယာဉ်သုံး တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုနဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ပစ်ခတ်ကြောင့် ဇန်နဝါရီလအတွင်း လွိုင်ကော်မြို့ပေါ်ရှိ မိုင်းလုံးရပ်ကွက်၊ ပန်ကန်းရပ်ကွက် ကပ်လျက် ထူဒူငံသ၊ ဒေါဥခူရပ်ကွက်၊ နမ့်ဘော်ဝမ်ရပ်ကွက်၊ ဒေါတမရပ်ကွက်၊ မင်္ဂလာရပ်ကွက် တို့မှ သေဆုံးသူ (၂၀)ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img