spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ နဲ့ နန်းမယ်ခုံမြို့ကို စစ်ကောင်စီ လေကြောင်းဖြင့် တိုက်ခိုက်

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မိုင်းလုံးရပ်ကွက် နှစ်ခြင်းဘုရားကျောင်းအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ရှိတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF၊ DMO PDF၊ KDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်က သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုရှိတဲ့အတွက် တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)က သတင်းထုတ်ပြန်ပါတယ်။

လွိုင်ကော်မြို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ နန်းမယ်ခုံမြို့ကို ဒီကနေ့(ဇန်နဝါရီလ ၁၆ရက်) ညနေ ၅နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စီးသုံးပြီးလေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ တိုက်လေယာဉ်ကတော့ ၂စီးတွေ့တယ် အရင်ဆုံးကင်းထောက်ပြီးတော့ ပစ်တာ။ တိုက်ပွဲအမြဲဖြစ်တဲ့မိုင်းလုံးရပ်ကွက်ဖက် တစ်ဝိုက်ကိုပစ်တယ် ပြီးတော့ မိုင်းလုံးလမ်းအောက်ပိုင်းကနေ သွားရတဲ့ နန်းမယ်ခုံမြို့ဖက်သွားပြီး အဲ့ဖက်ကို ပစ်သံကြားရတော့တာပဲ။ အဲ့ဖက်က တိုက်ပွဲမဖြစ်ဘူး စစ်ရှောင်တွေများတယ်။ ပစ်တာကတော့ ၃ကြိမ်နဲ့အထက်ပဲ။” လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ကို ညနေ ၅နာရီခွဲဝန်းကျင်မှာ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ၅နာရီမိနစ်၄၀မှာတော့ နန်းမယ်ခုံမြို့ဖက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမဖြစ်ပွားတဲ့ နန်းမယ်ခုံမြို့ မြို့မကယန်းရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်မှုရှိခဲ့တယ်လို့ DMO-PDF က ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်မှာ ဇန်နဝါရီလ အစောပိုင်းကစပြီး တိုက်ပွဲဆက်တိုက်ပြင်းထန်စွာဖြစ်ပွားခဲ့သလို စစ်ကောင်စီဖက်က လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်သုံးပြီး နေ့စဉ် ထောက်လှမ်းတာ၊ သယ်ယူပို့ဆောင်တာ၊ ပစ်ခတ်တိုက်ခိုက်တာသုံးပြီး ပြုလုပ်လျက်ရှိနေပါတယ်။

လွိုင်ကော်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည်၊ ပန်းကန်းတစ်ကြောမှာ ဇန်နဝါရီလ ၆ ရက်နေ့မှစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့လယ်ထိ တိုက်ပွဲက ကူးစက်လာတာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာကြောင့် လူနေအိမ်အများအပြား၊ ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

မြေပြင်တိုက်ပွဲအပြင် လေကြောင်းသုံးပြီးတိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ်မှာ မြို့နယ်အသီးသီးမှ စစ်ဘေးရှောင် တစ်သိန်းခုနှစ်သောင်းထိရှိနေပြီး အရေးပေါ် အကူညီတွေ လိုအပ်လျက်ရှိနေပါတယ်။

spot_img
spot_img