spot_imgspot_imgspot_imgspot_img
Saturday, January 18, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ နှစ်နေရာမှာ တိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ကာ အမျိုးသားတစ်ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ၂၀ ရက်နေ့ကစပြီး ယနေ့အချိန်ထိ ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းက နေရာနှစ်ခုမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ယမန်နေ့ (ဇူလိုင် ၂၀ ရက်) က စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် အသက် ( ၂၀ ) ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး အရပ်သားလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ထိခိုက်မှုကတော့ လေးယောက်ရှိတယ်။ မနေ့ကတော့ အရပ်သားတစ်ယောက်ဆုံးတယ်ပေါ့နော။ လက်နက်ကြီးရမ်းသန်းပစ်တဲ့ဟာပဲပေါ့နော။ စစ်ကောင်စီဖက်ကနေ လက်နက်ကြီး ပစ်လာတဲ့ ရွာထဲကျတဲ့ဟာ အရပ်သားတွေပါပဲ။ အသက်က ၂၀ ဝန်းကျင်လောက်ပေါ့။ အမျိုးသားပါ။” လို့ အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦးနဲ့ ကလေးတစ်ဦးကို ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၈)ရက်နေ့မှာ KNDF တပ်ရင်း ( ၂ ) ကနေ လွိုင်ကော်- မိုးဗြဲလမ်းမကြီးနဲ့ လွိုင်ကော် – ဆီဆိုင်လမ်းမကြီး တလျှောက်မှာ စစ်ရေးအခြေအနေတွေ တင်းမာနေပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနိုင်တယ်လို့ ထုတ်ပြန်ထားပြီးနောက် ၃ ရက်အကြာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ လမ်းမကြီးကို အသုံးပြုသွားလာကြမဲ့ မိဘပြည်သူတွေအနေနဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကနေစပြီး ဇူလိုင်လ ၂၈ ရက်နေ့အထိ သွားလာခွင့်မပြုဘူးလို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားအသွင်ယူပြီး တပ်အင်အားဖြည့်တင်းနေသလို၊ တဖက်မှာလည်း စစ်ရေးလှုပ်ရှားဆောင်ရွက်တာရှိနေတဲ့အတွက် ထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်စေချင်တယ်လို့ တပ်ရင်း ( ၂ ) တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းကိုပဲ သေချာလိုက်နာဆောင်ရွက်စေချင်တယ်ပေါ့နော။ သူတို့(စစ်ကောင်စီ)က အရပ်သားကားတွေကို အသုံးပြုတာဖြစ်လာနိုင်တယ်။ ချောဆွဲတာတွေ ဖြစ်လာနိုင်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ မလိုချင်ဘူးလေနော။ ကျနော်တို့ထုတ်ပြန်ထားတဲ့အတိုင်းပဲ တကယ်လို့အဆင်ပြေပြီဆိုရင် ကျနော်တို့ ပြန်ပြီးတော့ ရက်မပြည့်သေးရင်တောင် ပြန်ထုတ်ပြန်ပေးမယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

လတ်တလော တိုက်ပွဲဖြစ်ပွားနေတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ အနီးတဝိုက် ကျေးရွာက ဒေသခံတွေဟာ လွိုင်ကော်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts