spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှာ ကုန်စျေးနှုန်း ထပ်မံမြင့်တက်နေတဲ့အတွက် ဒေသခံတွေရဲ့ စားဝတ်နေရေးအခက်အခဲကြုံ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

လက်ရှိ လွိုင်ကော်မြို့ပေါ်က ကုန်စျေးနှုန်းတွေဟာ ဆက်တိုက်မြင့်တက်နေတာ‌ကြောင့် အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိမှာဆိုရင် ဆီတစ်ပိဿာ ၈၀၀၀ ကျပ်ကနေ တစ်သောင်းအထိ မြင့်တက်နေသလို အခြားသော အခြေခံစားသောက်ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ အခုဆိုရင် ဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ် ဖြစ်သွားပြီ။ ကြက်သွန်ဖြူက တစ်ပိဿာ ၁၃၀၀၀ကျပ် ၊ စက်သုံးဆီတို့ဆိုရင် တစ်လီတာကို ၂၈၀၀ ကျပ်အထိ တက်သွားပြီ။” လို့ သူက ပြောပါတယ်။

အခြေခံအလုပ်သမားတွေရဲ့ လစာတွေဟာ ယခင် ၅ နှစ်ကရှိနေခဲ့တဲ့ လစာအတိုင်း မပြောင်းလဲပဲ ကုန်စျေးနှုန်းတွေကသာ ပြောင်းလဲ မြင့်တက်နေတဲ့အတွက် အခက်အခဲရှိနေတယ်လို့ လွိုင်ကော်ြမို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ကျမအခု လက်ရှိလုပ်နေတဲ့ဟာဆိုရင်လည်း ပြောရမယ်ဆိုရင် အလုပ်ကို နှစ်ဆလုပ်ရတာတို့ မဟုတ်ရင် ဒီထက်ပိုကောင်းတဲ့ အလုပ်ကို ပြောင်းရတာတို့ ရှာရတာတို့ လုပ်ရတယ်‌ပေါ့နော။ မဟုတ်လို့ရှိရင် လစာတစ်ခုတည်းနဲ့ အဆင်မပြေတော့တဲ့အတွက် အဲဒါကြောင့်မလို့ ကျမဆိုရင်လည်း အလုပ်ကို နှစ်ခုလုပ်တာတို့ ဒါမှမဟုတ်ရင် ဒီထက် ပိုက်ဆံရတဲ့ဟာကို ရှာရတာတို့ အဲဒီလိုမျိုး လုပ်ရတယ်ပေါ့နော။ ဒီလွိုင်ကော်မှာဆိုရင်လည်း အလုပ်အကိုင်ရှားတာကတော့ တော်တော်ဖြစ်ပါတယ်။ အလုပ်အကိုင်ရှားတဲ့အပြင် တချို့ ကုန်စုံဆိုင်တို့ ဆိုင်တွေမှာလုပ်တာတို့ဆိုရင် အခြေခံလစာက အရမ်းကြီးနည်းတာပေါ့နော။” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန်ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေဟာ လက်ရှိအချိန်အထိ မြင့်တက်နေသေးသလို စျေးနှုန်းပြန်ကျသွားတာလည်း မရှိပါဘူး။

စစ်ကောင်စီက နှစ်သောင်းတန်ကျပ်ငွေ စက္ကူထုတ်မယ်လို့ ကြေညာပြီးနောက်ပိုင်းမှာလည်း နယ်စပ်မှာရှိတဲ့ မြန်မာကျပ်ငွေစျေးနှုန်းတွေဟာလည်း နာရီပိုင်းအတွင်း သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။

စစ်ကောင်စီဘက်တော့ ဒီလို ကုန်စျေးနှုန်းတွေ မြင့်တက်သွားတာဟာ ဒီနှစ်သောင်းတန်ကျပ်ငွေစက္ကူထုတ်ဖို့ ကြေညာတာကြောင့်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

တစ်ဖက်မှာလည်း ပြည်သူတွေရဲ့ စားဝတ်နေရေးပြေလည်ဖို့အတွက် ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကို စစ်ကောင်စီက ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ပေမယ့် လူထုတွေကတော့ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကြားက စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ခံစားနေကြရဆဲဖြစ်တယ်လို့ လူထုတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts