spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှာ ပြုလုပ်တဲ့ ကယားပြည်နယ်နေ့အခမ်းအနား ဒရုန်းနဲ့ တိုက်ခိုက်ခံရ၊ တစ်ဦးသေ ရှစ်ဦး ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ စစ်ကောင်စီဦးစီးတဲ့ ကယားပြည်နယ်နေ့အခမ်းအနား ကျင်းပနေစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် တစ်ဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ (နကစ) က သတင်းထုတ်ပြန်ထားပါတယ်။

အရပ်သားတစ်ဦးသေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ အပါအဝင် ကျောင်းသား/သူ ၆ ဦး၊ အရပ်သား ( ၂ ) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ (နကစ)ရဲ့ သတင်းစာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ (ဇန်နဝါရီလ ၁၅ ရက်နေ့) မှာ ကျရောက်တဲ့ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ကို စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားပြီး ကျင်းပနေစဉ် အတွင်းမှာပဲ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် လွိုင်ကော်မြို့ရဲ့ နေရာတိုင်းမှာ စစ်ကောင်စီက အစစ်အဆေး တင်းကြပ်ထားတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီပိုင် MRTV မှာ ဖော်ပြထားတဲ့ပုံ။

“ တအားစစ်တယ်။ ရိုက်တာတွေလည်း ရှိတယ်။ အခုလည်း အသံကြားရပြန်ပြီ အဲဒီမြို့နယ်ခန်းမ ဖက်မှာပဲ။ “ လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦး ကပြောပါတယ်။

KNPPနဲ့ PDFအကြမ်းဖက်သမားများက တိုက်ခိုက်ခြင်းဖြစ်တယ်လို့ (နကစ) က သတင်းထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်နေ့ တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဘက်က မသိရှိရသေးဘူးလို့ ( KNPP ) အထွေထွေအတွင်းရေးမှူး ခူပလူးရယ်က ပြောပါတယ်။

“ ကျနော်တို့ဘက်ကတော့ သိထားတာတွေတော့ မရှိဘူး။ ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ ကယားပြည်နယ်နေ့ အထိမ်းအမှတ်အနေနဲ့ လွိုင်ကော်မြို့တွင်းလမ်းဖွင့်ပွဲကိုပြုလုပ်ခဲ့ပြီး ပြခန်းတွေနဲ့လည်း ကျင်းပဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ကရင်နီပြည်ကို လေယာဉ်တစ်စင်းထောက်လှမ်းပျံသန်းနေသလို လက်နက်ကြီးပစ်ခတ်သံတွေလည်း အဆက်မပြတ် ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ တစ်ညလုံး တစ်မနက်လုံး လက်နက်ကြီးတွေ ထုနေတာ အဆက်မပြတ်ပဲ။ ဘယ်ကို ထုလို့ ထုနေမှန်းလည်း မသိဘူး။ အခုချိန်ထိပဲ။ “ လို့ ဒီးမော့ဆိုမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီပိုင် MRTV မှာ ဖော်ပြထားတဲ့ပုံ။

ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံမှာ ပို့ဆောင် ကုသပေးနေတယ်လို့ (နကစ)ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကယားပြည်နယ်နေ့အခမ်းအနား ဒရုန်းနဲ့တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်နေတယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

spot_img
spot_img