spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးသူတွေကို သင်္ဂြိုလ်ဖို့ ခက်ခဲနေကြောင်း ဒေသခံတွေပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြို့ပြစစ်ဆင်ရေးဆင်နွဲနေတဲ့ ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရတဲ့သူတွေကို သင်္ဂြိုလ်ဖို့ ခက်ခဲနေတယ်လို့ လွိုင်ကော်မြို့တွင်း ကျန်ရစ်တဲ့ ဒေသခံတွေက ပြောပါတယ်။

” နေ့စဥ်နဲ့အမျှ လက်နက်ကြီးတွေ လေယာဉ်ပျံတွေနဲ့ လာပစ်နေတာပဲ။ လူတွေလည်း သေကြတယ် သွားလည်းမကောက်ရဲဘူး။ ကောက်လို့ရတဲ့ အလောင်းတွေကိုလည်း သင်္ဂြိုလ်ဖို့ မိသားစုနဲ့ ဆက်သွယ်ပေးဖို့ကို ခက်ခက်ခဲခဲ လုပ်ပေးရတာပါ။” လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့တွင်း စစ်ကောင်စီက တပ်စွဲထားတဲ့နေရာတွေမှာ လမ်းမပေါ် သွားလာနေတဲ့ ပြည်သူတွေကို ပစ်ခတ်မှုရှိနေတာကြောင့် လုံခြုံရေးအရ သွားလာဖို့အဆင်မပြေဘူးလို့ ဆိုပါတယ်။ လက်နက်ကြီးထိမှန်ပြီး သေဆုံးသူတွေအပြင် တခြားအကြောင်းအရာတွေနဲ့ သေဆုံးသူတွေကိုလည်း သင်္ဂြိုလ်ဖို့အတွက် သွားလာရေးမှာ ခက်ခက်ခဲခဲနဲ့ သွားလာရတယ်လို့ ဆိုပါတယ်။

ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့တွေလည်း မရှိတော့တာကြောင့် အခက်အခဲပိုများတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိမှန်သူတွေဟာ ဆေးကုသဖို့အခက်အခဲရှိကြသလို သွေးထွက်လွန်မှုကြောင့် သေဆုံးရသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

“ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းက ကျနော်တို့က စစ်ရှောင်ရင်း ကိုယ့်အိမ်မှာကိုယ် ပစ္စည်းပြန်ယူကြတာပေါ့။ အဲ့ညက စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီး ကျနော်တို့နား ကျတယ်။ ဦးလေးတယောက်တော့ ပွဲချင်းပြီးဆုံးသွားတယ်။ နောက်တယောက်က ခြေပြတ်သွားတယ်။ ဆေးကုသဖို့လိုအပ်ပေမဲ့ ညဖြစ်နေတော့ သွားလာလို့မရသလို ဖုန်းလိုင်းတွေလဲမရဘူး။ သွေးထွက်လွန်ပြီး နောက်ရက်မှာပဲ ဆုံးသွားတယ်လို့ ပြန်ကြားရတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာ တစ်လကျော်ကြာရှိနေပြီး စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ် ရာနဲ့ချီ ပျက်စီးမှုရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လွိုင်ကော်မြို့ပေါ် နေရာအများစုမှာလည်း လက်နက်ကြီးကျရောက်နေတာကြောင့် နေထိုင်ဖို့ အဆင်မပြေတော့ဘူးလို့ ဆိုပါတယ်။

“လွိုင်ကော်က သွားပါပြီ။ မြို့ပေါ်က ရှမ်းပိုင်း တို့ ရွှေတောင်တို့လို နေရာမျိုးတောင် လက်နက်ကြီးတွေ ကျနေပြီဆိုတော့ နေဖို့ ဘယ်လိုမှ မလွယ်တော့ဘူး။ ခနလေး ပစ္စည်း ပြန်ယူဖို့ လာတာတောင် အဲ့ အသံတွေ မခံနိုင်ဘူး။ ” လို့ စစ်ရှောင်ရင်း ပစ္စည်းပြန်ယူသူတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေကြောင့် ဒေသခံအများစုဟာ စစ်ရှောင်နေကြတာဖြစ်ပြီး မြို့ပေါ်တချို့ရပ်ကွက်တွေမှာတော့ လူအနည်းငယ်ကျန်ရစ်နေဆဲဖြစ်ပြီး သတိထားနေထိုင်ကြရတယ်လို့ ဆိုပါတယ်။ (၁၁.၁၁) စစ်ဆင်ရေးဟာ လက်ရှိအချိန်ထိ လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts