spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှာ အခုရက်ပိုင်းအတွင်း စစ်ဆေးမှု ပိုမို တင်းကြပ်လာ

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့ပေါ်မှာဆိုရင် နေ့ရက်တိုင်း မတူတဲ့ နေရာတွေမှာ စစ်တပ်နဲ့ ရဲတွေက စစ်ဆေးမှုတွေ ပြုလုပ်နေပြီး စစ်ဆေးမှု ပိုမို တင်းကြပ်လာနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ တချို့ရပ်ကွက်တွေကျတော့ အိမ်တွေထဲထိ ဝင်စစ်တယ်လို့ ကြားတယ်ပေါ့နော။ သူတို့ အဓိကကတော့ ရပ်ကွက်နားကိုသွားတယ်။ ဖြတ်သွားဖြတ်လာတဲ့ လူတွေရဲ့ ဖုန်းတွေ စစ်တယ် အဲ့လိုမျိုးပေါ့။ သူတို့က လမ်းသွားတဲ့ သူတွေကို အဓိကတော့ ဖုန်းစစ်တယ်။ ဖုန်းထဲမှာ ဘာတွေရှိလဲ Messengerတို့ News feed တို့ အဲ့တာတွေ အဓိက ဖွင့်တယ်။ “ လို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

လွိုင်ကော်မြို့ နာနတ်တော၊ ကြည်သာယာ၊ နမ့်ဘော်ဝမ်၊ ရွှေတောင် ရပ်ကွက် တွေမှာ တချို့ နေအိမ်ထိ စစ်တာရှိသလို ရပ်ကွက်နားတွေအထိ စစ်ဆေးနေတာတွေရှိတယ်လို့ သိရပါတယ်။

စစ်ဆေးတဲ့ နေရာမှာ ပြည်သူတချို့ကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိပေမယ့် ဘယ်နှစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာနဲ့ ပတ်သက်ပြီး အတိအကျ မသိရှိရဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။ တချို့ ပြန်လွှတ်လာတဲ့ သူတွေ ရှိပေမယ့် တချို့ ပြန်မလွှတ်လာတဲ့ သူတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ (၂၀)နဲ့ (၂၁)ရက်မှာလည်း လွိုင်ကော်မြို့တွင်းမှာ စစ်ဆေးမှုပြုလုပ်ရင်း ပြည်သူ ၅ဦး ကို ဖမ်းဆီးသွားတာရှိပါတယ်။ ပြန်လွှတ်၊ မလွှတ်ကိုတော့ မသိရှိရသေးပါဘူး။

spot_img
spot_img