spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အကျဉ်းထောင်မှာ လွတ်မြောက်ခွင့်ရှိသူ (၂၀)ဦးကို အကျဉ်းဦးစီးဌာနကဆက်လက်ထိန်းသိမ်းထားတယ်လို့ KPPA ပြော

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့ရဲ့ လုံခြုံရေးအခြေအနေကို အကြောင်းပြပြီး လွိုင်ကော်အကျဉ်းထောင်မှ လွတ်မြောက်ခွင့်ရှိသူ စုစုပေါင်း (၂၀)ဦးကို အကျဉ်းဦးစီးဌာနက ပြန်လည်မလွတ်ပေးပဲ အကျဉ်းထောင်မှာ ဆက်လက်ထိန်းသိမ်းထားတယ်လို့ ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး (KPPA) ရဲ့ တာဝန်ရှိသူတစ်ဦးထံကနေ သိရှိရပါတယ်။

“ အကျဉ်းသားမိသားစုတွေက အကျဉ်းဦးစီးဌာနနဲ့ စကားပြောတဲ့အချိန်မှာ လုံခြုံရေးအကြောင်းပြပြီးတော့ပဲ ပြန်မလွှတ်ပေးသေးဘူးဆိုပြီး ဒီလိုပဲ ပြန်ကြားတယ်တဲ့။ အကျဉ်းသားမိသားစုတွေလည်း ဝိုင်းညှိကြတယ် သူတို့ရဲ့ သက်ဆိုင်သူတွေ အမြန်ဆုံးပြန်လွှတ်ဖို့အတွက် သို့ပေမယ့် အကျဉ်းဦးစီးဌာနကတော့ ငြင်းပယ်ထားတယ်ပေါ့။ “ လို့ KPPA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လွိုင်ကော်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခွင့်ရှိသူ (၂၀)ဦးဟာ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့တဲ့ ရာဇဝတ်မှုအကျဉ်းသား(၁၄)ဦး နဲ့ လွတ်မြောက်ဖို့ ရက်ပြည့်နေပြီဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၆ ဦး တို့ပဲ ဖြစ်ပါတယ်။

အကျဉ်းဦးစီးဌာန အနေနဲ့ အပြစ်ဒဏ်ပေးဆပ်ပြီးတဲ့ သူတွေကို ပြန်လည်လွတ်ပေးရမှာ ဖြစ်ပေမယ့် အခုလို ဆက်လက်ထိန်းသိမ်းတာဟာ ပြည်သူတွေကို ရာဇဝတ်မှု ကျူးလွန်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာ ဖြစ်တယ်လို့ KPPA တာ၀န်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ လက်ရှိ လွိုင်ကော်မြို့ထဲမှာ ထောင်ပတ်ဝန်းကျင်မှာ စစ်ရေးငြိမ်သက်မှု အခြေအနေရှိတယ်။ စစ်ကောင်စီကလည်း သူတို့ ပြန်လွတ်ပေးနိုင်တဲ့ အခြေအနေရှိတယ်။ သူတို့ပြန်လွတ်ပေးမယ်ဆိုရင်လည်း ဒီလွတ်မြောက်ပြီဖြစ်တဲ့ သူတွေကို သွားလာဖို့အတွက် နယ်မြေဖန်တီးပေးမယ့် အခြေအနေတွေလည်းရှိတယ်။ သို့ပေမယ့် စစ်ကောင်စီဖက်က ပြန်မလွတ်သေးတာ အဲ့တာ ပြဿနာပဲ။ လွတ်မြောက်ပြီဖြစ်တဲ့ အကျဉ်းသားတွေကိုလွတ်ပေးရုံပဲ သူတို့အလုပ်က အဲ့အထိပဲ။ ”လို့ သူက ဆိုပါတယ်။

အကျဉ်းဦးစီးဌာနအနေနဲ့ လွတ်မြောက်သင့်တဲ့ အကျဉ်းသားတွေကို ချက်ချင်း လွတ်ပေးဖို့၊ စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ လွတ်မြောက်အကျဉ်းသားတွေ နေရပ်ပြန်နိုင်ဖို့ကိုလည်း ICRC နဲ့ United Nations OCHA တို့က ကြားဝင်စေ့စပ်ကူညီဆောင်ရွက်ပေးကြဖို့ ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM) တို့ရဲ့ ဖေဖော်ဝါရီလ (၃)ရက်နေ့ ပူးတွဲထုတ်ပြန်ကြေညာချက်မှာ ဖော်ပြတောင်းဆိုထားပါတယ်။

လွတ်မြောက်ခွင့်ရှိတဲ့သူတွေကို ပြန်လည်မလွတ်ပေးတာကို ကြည့်ခြင်းအားဖြင့် အကျဉ်းသား၊အကျဉ်းသူတွေကို စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင်တာကို သိရှိနိုင်သလို၊ နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထား နှိပ်စက်တာတွေလည်း လုပ်ဆောင်တာတွေ ရှိနေတယ်လို့ ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး ရဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

လွိုင်‌ကော်မြို့မှာ ဆင်နွှဲနေတဲ့ ၁ လေးလုံးစစ်ဆင်ရေးကာလအတွင်း ထောင်တွင်းအကျဉ်းသားတွေအနေနဲ့ နေထိုင်စားသောက်မှုအခက်အခဲတွေနဲ့ ဆေးဝါးကုသခွင့်ရရှိမှု အားနည်းမှုကြောင့် ကျန်းမာရေးပြဿာနာတွေကိုလည်း အကျဉ်းသားတွေ ကြုံတွေ့နေရတယ်လို့ KPPA ထံကနေ သိရပါတယ်။

spot_img
spot_img