spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ၊သား (၁၂)ဦးအပါအ၀င် (၆၅)ဦး ပြန်လွတ်မြောက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသား၊ သူ (၆၅)ဦးကို စစ်ကောင်စီမှ ပြန်လွတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား၊သူ (၁၂)ဦး ပါဝင်တယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA) ရဲ့ ပြန်ကြားရေးတာ၀န်ခံ ထားဖိုးက ကန္တာရ၀တီတိုင်း(မ်)ကို ပြောပါတယ်။

ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား၊သူ (၁၂)ဦးထဲ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဖြစ်ပါတယ်။ ဇန်နဝါရီလ ကတည်းက လွတ်ရက်စေ့ခဲ့ပေမယ့် စစ်ကောင်စီဖက်က ပြန်မလွတ်သေးပဲ ဖေဖော်ဝါရီလမှသာ ပြန်လည်လွတ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

“ အဲ့ဒီ ၁၂ဦးက ပုဒ်မ (၅၀၅)ပါဝင်တယ်။ မတရားသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ပါဝင်တယ်။ အားလုံးထောင်ဒဏ် ၃နှစ် ကျတယ်။ တချို့သောသူတွေက အရပ်သားစစ်စစ်ဖြစ်တယ်ပေါ့နော။ အရပ်သားစစ်စစ်ကို ဖမ်းပြီး ၁၇(၁)နဲ့ စွဲပြီး ထောင်ချခံရတဲ့သူတွေလည်းပါဝင်တယ်။ “ လို့ KPPA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ထားဖိုးက ပြောပါတယ်။

လွတ်မြောက်သူ (၆၅)ဦးမှာ နိုင်ငံရေးအကျဉ်းသား၊သူ (၁၂)ဦး ၊ အရေးကြီးကုန်စည် ပုဒ်မ (၅) အကျဉ်းသား(၁၄) ဦး နဲ့ ကျန်တဲ့သူတွေကတော့ တခြားသော ပုဒ်မတွေဖြစ်တယ်လို့ သိရပါတယ်။

လွိုင်ကော်အကျဉ်းထောင်မှာ ရှိနေတဲ့ အကျဉ်းသားတွေဟာ အစားအသောက်အဆင်မပြေတာတွေ၊ ကျန်းမာရေးချို့တဲ့တာတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ KPPAရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ထားဖိုးက ဆက်ပြောပါတယ်။

“ ဒီစစ်ပွဲဖြစ်နေတဲ့ကာလမှာ အကျဉ်းသားတွေက အခန်းထဲမှာ ၂လ နီးပါးကို ပိတ်လှောင်ခံထားရတဲ့ အခြေအနေမှာပေါ့နော။ သူတို့ ကျန်းမာရေးထိခိုက်မှု အရမ်းများတယ်လို့ သိရတယ်။ အမျိုးသားတွေဆိုရင် ခြေထောက်အောက်ပိုင်း လေဖြန်းသလိုတွေ ဖြစ်ကြတယ်။ နောက်တစ်ခု အကျဉ်းသားတွေကို ကျွေးတဲ့ အစားအစာက အစာအာဟာရလုံးဝမရှိသလောက်ဖြစ်သွားမယ်ပေါ့။ ငပိတောင်မှ စားရသောက်ရ အဆင်မပြေတဲ့ ငပိမျိုးတွေ ပြီးတော့ ဆန်ကြမ်း တွေကျွေးတယ်လို့ သတင်းရတယ်ဗျ။ “ လို့ သူက ပြောပါတယ်။

အကျဉ်းဦးစီးဌာနအနေနဲ့ အကျဉ်းသူ၊သားတွေအတွက် စားသောက်ရေး၊ ဆေးဝါးစတဲ့ အကျဉ်းသားတွေကို ပေးရမယ့် ခံစားခွင့်တွေ အပြည့်အဝပေးဖို့ တောင်းဆိုကြောင်း ထပ်မံပြောကြားထားပါတယ်။ လွတ်ရက်စေ့မယ့် အကျဉ်းသားတွေကိုလည်း လွတ်ရက်စေ့တဲ့နေ့မှာပင် လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဖေဖော်ဝါရီလ (၃)ရက်နေ့က KPPA နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)တို့ကနေ လွိုင်ကော်အကျဉ်းထောင်မှ လွတ်မြောက်ခွင့်ရှိသူ (၂၀)ဦးကို စစ်ကောင်စီက ဆက်လက်ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။ အဲ့ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကောလာဟလသာဖြစ်ကြောင်း စစ်ကောင်စီကိုထောက်ခံတဲ့ သတင်းစာတွေ နဲ့ တယ်လီဂရမ်(Telegram) တွေမှာ ဖော်ပြခဲ့ကြပါတယ်။ လွတ်မြောက်ခွင့်ရတဲ့ အကျဉ်းသားတွေကိုတော့ ဖေဖော်ဝါရီလ ၅ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်လွတ်ပေးခဲ့တာဖြစ်ပါတယ်။

spot_img
spot_img

Recent posts