spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းတခုမှာ ငှက်ဖျားရောဂါအဖြစ်များ၊ ခြင်ထောင်လိုအပ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းတခုက ပြည်သူတွေဟာ ငှက်ဖျားရောဂါ အဖြစ်များနေကြတယ်လို့ စစ်ရှောင်တွေကို ဆေးကုပေးနေတဲ့ သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ က ငှက်ဖျားရောဂါစတင်ဖြစ်ပွားကြပြီး လက်ရှိမှာတော့ မိုးရာ
သီရောက်ရှိ လာပြီဖြစ်တဲ့အတွက် ရေချောင်းတွေနဲ့ အနီးကပ်နေထိုင်နေတဲ့ စစ်ရှောင်တွေမှာ ငှက်ဖျားရောဂါ အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

“သူတို့စစ်ရှောင်တဲ့နေရာနဲ့ ရေချောင်းနဲ နီးတာလည်းပါတယ်။ ပြီးတော့ ရေချောင်းက မိုးရွာရင် ရေနှောက်လိုက် ၊ ခဏနေ ရေပြန်ကြည်လိုဆိုရင် သူ့ဟာက ပိုးမွှားတွေများတော့ သူ့ဟာက အဖြစ်များတာပေါ့” လို့ စစ်ရှောင်တွေကို ဆေးကုသပေးနေသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ငှက်ဖျားပိုးတွေ့ရှိတဲ့ လူနာတွေကို ဆေးကုသမှုခံယူစေပြီး ခြင်ထောင်တွေ ပေးဝေနိုင်ခဲ့ပေမယ့် စစ်ရှောင်စခန်းမှ အိမ်ထောင်စုတိုင်းကို ခြင်ထောင်မပေးဝေနိုင်သေးဘူးလို့ ဆိုပါတယ်။

“ခြင်ထောင်ကတော့ လုံလောက်မှုမရှိဘူးပေါ့နော် ပြောရမယ်ဆို အကုန်လုံးတော့ပေးချင်တယ်။ တစ်အိမ်ကို တစ်လုံးဖြစ်ဖြစ်၊ နှစ်လုံးဖြစ်ဖြစ် ။ ဒါပေမယ့် မှာတဲ့အရေအတွက်နဲ့ ရွာရဲ့ အိမ်ခြေအရေအတွက်နဲ့ဆိုရင် အကုန်လုံး လူတိုင်းကတော့ မရနိုင်ဘူးပေါ့နော်” လို့ စစ်ရှောင်တွေကို ဆေးကုသပေးနေသူ တစ်ဦးက ဆက်ပြောပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၈၀၀ နီးပါးရှိ အဆိုပါ စစ်ရှောင်စခန်းမှာ ဇွန်လ တစ်လအတွင်း ငှက်ဖျားရောဂါပိုး တွေ့ရှိသူ ၂၀ ကျော်ရှိနေပါတယ်။ ဒါ့အပြင် အဆိုပါ စစ်ရှောင်စခန်းမှာ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတာကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ ကြီးမားတဲ့ကျန်းမာရေး ပြဿနာ တစ်စုံတစ်ရာ ရှိခဲ့သော် သွားရောက်ကုသဖို့ ဆေးရုံ၊ ဆေးခန်းမရှိဘူးလို့ ဆိုပါတယ်။

လက်ရှိကရင်နီပြည်မှာ စစ်ရှောင်ဦးရေ ၂ သိန်းခွဲရှိနေပြီး နီးစပ်ရာ တောတောင်ထဲမှာ သွားရောက်ခိုလှုံ ရတာကြောင့် စားနပ်ရိက္ခာအပြင် အမိုးအကာပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီသူတွေက ပြောပါတယ်။

spot_img
spot_img