spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်ဆေးခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ (ဖေဖော်ဝါရီလ ၃ရက်) က ကရင်နီပြည် လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်ဆေးခန်းတစ်ခု မီးလောင်ပျက်စီးသွားတယ်လို့ ကရင်နီပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထဲရေးဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

“ မနေ့ည ၆နာရီ ခွဲပေါ့ အဲ့မှာ လေယာဉ်တစ်စင်းနဲ့ လာပစ်တယ်။ ဆင်စခန်းဆိုတဲ့ စစ်ဘေးရှောင်တွေ နေတဲ့ နေရာပေါ့ အဲ့ဒီ လွိုင်ကော် အရှေ့ဖက်။ကျောင်းဆောင်တစ်ခုရယ် ဆေးခန်းတစ်လုံးရယ် ဆေးပစ္စည်းတွေပါတယ်ပေါ့ နောက် အဲ့ကျောင်းဆောင်ထဲဆို စာရွက်စာတမ်းတွေပါတယ်ပေါ့။ နောက် ရိက္ခာနည်းနည်းပျက်သွားတယ်ပြောတယ်။” လို့ ခူညေးရယ်က ပြောပါတယ်။

စစ်ရှောင်စခန်းက နေမကောင်းဖျားနာတဲ့သူတွေကို ကုသပေးတဲ့ ဆေးခန်းပျက်စီးသွားသလို စာသင်ဆောင်၊ စာရွက်စာတမ်း၊ ဆေးပစ္စည်း၊ ရိက္ခာဆန်၊ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံလူထု ထိခိုက်တာတွေတော့မရှိဘူးလို့ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်လေယာဉ်နဲ့ မကြာခဏ ကင်းထောက်နေတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတဲ့ လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်မှလည်း သုံးရက်ဆက်တိုက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။ ဒီလိုလေကြောင်းတွေနဲ့ မကြာခဏ လာရောက်ပစ်ခတ်တဲ့အတွက် ဒေသခံတွေ စိုးရိမ်မှု ရှိနေကြပါတယ်။

“တချို့ဒေသခံလည်း အရမ်းကြောက်တယ်ပေါ့။ လေယာဉ်နဲ့ လာကျဲတာ တစ်ခေါက်မဟုတ်ဘူးလေးနော်။ တခါ နှစ်ခါ သုံးခါ လောက်ရှိပြီဆိုတော့ အသက်အန္တာရာယ် စိုးရိမ်နေကြတာပေါ့။ အခုအခက်အခဲ ပြောရင် စားဝတ်နေရေးအတွက်လည်း စိတ်ပူရတာပေါ့။ တချို့ ကျတော့ မရွေ့ချင်ကြဘူး။ ကိုယ့်ခြံနဲ့ ကိုယ့်တဲမှာနေချင်ကြတယ်။ တခြားနေရာ ရွေ့ရင်လည်း ရေမရှိမှာ စိုးရိမ်ကြတာလည်း ရှိတယ်။ ပြီး ခနခဏပြေးရလို့ ပစ္စည်းတွေနဲ့ သယ်သွားသယ်လာ၊ ကား၊စက်၊ ဆိုင်ကယ် မရှိတဲ့ မိသားစုတွေက အရမ်းခက်ခဲတွေ့နေရတယ်။” လို့ လွိုင်ကော်အရှေ့ဘက်ခြမ်း ဒေသခံတစ်ဦး က ပြောပါတယ်။

၂၀၂၃ခုနှစ် နှစ်စပိုင်းကတည်းက စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရှောင်စခန်းရှိရာ ဒေသခံရှိရာနေရာတွေကို လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်မှု မကြာခဏ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းတွေတူးထားဖို့
တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဒီလိုမျိုး စစ်ရှောင်တွေကိုပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်လာမှုဟာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတစ်ခုတည်းကို ရန်သူအဖြစ်သတ်မှတ်ထားတာမဟုတ်တော့ဘဲ ပြည်သူလူထုကိုပါ ရန်သူအဖြစ် သတ်မှတ်ချေမှုန်းလာခြင်းဖြစ်တယ်လို့ ကရင်နီတပ်မတော်ဖက်က ပြောဆိုထားပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၉၀ ခန့် ပြုလုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts